အာဆီယံ-ရုရှ ထိပ်သီးညီလာခံ သမ္မတဦးထင်ကျော် တက်မည်

အာဆီယံ-ရုရှ ထိပ်သီးညီလာခံ သမ္မတဦးထင်ကျော် တက်မည်

မေ ၁၉ နှင့် ၂၀ တွင် ရုရှနိုင်ငံ ဆိုချီမြို့တွင် ကျင်းပမည်ဖြစ်သည့် အကြိမ် ၂၀ မြောက် အာဆီယံ-ရုရှ ဆွေးနွေးဆက်ဆံမှု အာဆီယံ-ရုရှဂုဏ်ပြုအထိမ်းအမှတ်ညီလာခံသို့ မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော် တက်ရောက်မည်ဖြစ်ကြောင်း မေ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံနှင့် ရုရှနိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုတစ်ရပ်အား မေ ၁၀ ရက်က လွှတ်တော်၌ အတည်ပြုခဲ့ကြသည်။

ရုရှနိုင်ငံနှင့် လက်မှတ်ရေးထိုးမည့် ယင်းသဘောတူညီမှုသည် ရုရှနိုင်ငံ၏ နိုင်ငံပြင်ပဆက်ဆံရေး အထူးသဖြင့် ကာကွယ်ရေး၊ အမျိုးသားလုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတို့တွင် အာဆီယံအသိုက်အဝန်းနှင့် မြန်မာနိုင်ငံတို့နှင့် လက်တွဲဖော်ဆောင်ရေး ရလဒ်တစ်ခုဖြစ်ကြောင်း လွှတ်တော်တွင် ပြောကြားသည်။

လွှတ်တော်တွင် ယင်းသဘောတူညီလက်မှတ်ရေးထိုးရေး အဆိုတင်သည့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က သဘောတူညီမှုအား လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ကဏ္ဍသစ်များ ပေါ်ထွန်းစေမည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းလုံခြုံရေးအရ ကာကွယ်ရေးဆိုင်ရာမူဝါဒများအပေါ် ဆွေးနွေးမှုများနှင့် အပြန်အလှန်နားလည်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergey K Shoigu မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မတ်လအတွင်းက လာရောက်ခဲ့စဉ် နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းမှု မြှင့်တင်ရန် မြန်မာနှင့် ရုရှနိုင်ငံအကြား သံန္နိဌာန်ပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေး၊ ဒေသတွင်းရေးရာ အကျပ်ရိုက်ခြင်းများကြောင့် ဖြစ်ပွားရသည့် မတည်ငြိမ်မှုများရှိနေရာ ကမ္ဘာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ပါဝင်ရန်အတွက်လည်း ရုရှနိုင်ငံအား    မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တိုက်တွန်းထားသည်။

မြန်မာနှင့် ရုရှနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly