အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးရေး လုပ်ခဲ့ပေမယ့် ဘာကြောင့် မအောင်မြင်တာလဲ

အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးရေး လုပ်ခဲ့ပေမယ့် ဘာကြောင့် မအောင်မြင်တာလဲ

သူရဆွဇ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာအောင်သူရနှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ မေ ၁၅  ။               ။ ဒီတစ်ပတ် ဒီအစီစဉ်ကနေ တွေ့ဆုံမေးမြန်းမယ့် သူကတော့ သူရဆွဇ် ကုမ္ပဏီလီမိတက်က အမှုဆောင် အရာရှိချုပ် ဒေါက်တာ အောင်သူရ ဖြစ်ပါတယ်။ အခုဒီတစ်ပါတ် ဒေါက်တာအောင်သူရနဲ့ ဆွေးနွေးမယ့် အကြောင်းကတော့ မြန်မာနိုင်ငံရဲ့ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တော့ ဆွေးနွေးသွားမှာပါ။

မဇ္ဈိမ ။  ။ ဒေါက်တာ အောင်သူရ မင်္ဂလာပါ ရှင့်။ ဟုတ်ကဲ့ ကျွန်မတို့ အစီစဉ်ကို အချိန်ပေးတာလည်း ကျေးဇူးတင်ပါတယ်။ ဒီမြန်မာနိုင်ငံရဲ့သေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေါက်တာအောင်သူရနဲ့ အဓိကထားပြီးတော့ ဆွေးနွေးသွားချင်ပါတယ်ရှင့်။ ဒီသမ္မတ(ဟောင်း) ဦးသိန်းစိန် အစိုးရလက်ထက်မှာပေါ့နော်။ ဒီအသေးစားနဲ့ အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချေးငွေရရှိဖို့ရယ်။ ပြီးတော့ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးတော့လုပ်ရမယ့် ကဏ္ဍတွေကို သူတို့ မူဝါဒတွေ ချမှတ်တာတွေလည်း ကြားတယ်။ မကြာခဏ SME  ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုပြီး အခြားမှာလည်း လုပ်နေတာတွေ ကြားတယ်ရှင့်။ ဒါပေမယ့် လုပ်ငန်းရှင်တွေကလည်း ထင်သလောက် မအောင်မြင်ဘူး ပညာရှင်တွေကလည်း ထင်သလောက် မအောင်မြင်ဘူးလို့ သုံးသပ်ကြတယ်ပေါ့နော်။ အဲတာက အချိန်နည်းနေလို့လား ဒါမှမဟုတ်ရင် မူဝါဒပိုင်း အားနည်းနေလို့လားရှင့်။

ဒေါက်တာအောင်သူရ ။ ။ ကျွန်တော့် အထင်တော့ အချိန်နည်းလို့ ထင်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ဒီလေးနှစ်ငါးနှစ်အတွင်းမှာ တကယ်ပြောင်းလဲရမယ့် အကြောင်းအရာတွေက အများကြီး ရှိတယ်လေ။ ပြင်ဆင်ရမယ့် အရာတွေက အများကြီး ရှိသေးတော့ ငါးနှစ်အတွင်းမှာ အကုန်လုံးကို ပြိုင်တူ လုပ်နေရအောင် နိုင်ငံရေး အခြေနေလည်း ပြောင်းလဲအောင် လုပ်ပေးရတယ်။ စီးပွားရေးအခြေနေ လုပ်ပေးရတယ်။ financial sector ပြောင်းလဲတွေ လုပ်ပေးရတယ်။ ဒီ လုပ်စရာတွေက အများကြီးရှိနေတော့ SME  ဘက်ကို ပြင်ပေးဖို့ အချိန်သိပ်မရလိုက်ဘူးလို့ ထင်ပါတယ်။

မဇ္ဈိမ ။  ။ ဒါဆိုရင် ရှေ့မှာ အောင်မြင်မှု အစတွေ ရှိခဲ့တာပေါ့နော်။ အဲလိုမျိုးလားရှင့်။ ဒီ ဦးသိန်းစိန် လက်ထက် လုပ်ခဲ့တဲ့ဟာတွေက SME  ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အောင်မြင်မှု လမ်းစတွေ ရှိခဲ့တာလားရှင့်။ အဲဒီအပေါ်မှာကော

ဒေါက်တာအောင်သူရ ။ ။ ကျွန်တော့်အနေနဲ့ ပြန်ကြည့်လိုက်တယ်ဆိုရင် ပြီးခဲ့တဲ့ ငါးနှစ်တုန်းက စီးပွားရေး လုပ်ငန်းတွေလုပ်ဖို့ ဘယ်လောက်ဒီ ခက်ခဲတယ်ဆိုတာ ယှဉ်ကြည့်လိုက်ရင် အခုဆို ဘာပဲဖြစ်ဖြစ်  တော်တော်များများက ပိုလွယ်လာတယ်ပေါ့နော်။ အရင်တုန်းက အခက်ခဲတွေဆို တစ်ချို့ဟာလေးတွေ ဖြေလျော့လိုက်တာ ရှိတယ်။ ဒါပေမယ့် တကယ့် spotting လုပ်တဲ့အဆင့်ထိတော့ မရောက်ခဲ့ဘူးပေါ့နော်။ အခက်ခဲလေးတွေ တစ်ချို့ဟာလေးတွေကို ရှင်းပေးနိုင်တဲ့ အဆင့်ထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် support  အဆင့်ထိ မရောက်နိုင်ခဲ့ဘူး။ အဲဒါတော့ အခု ၅နှစ် /၁၀နှစ်မှ လုပ်ရမယ့် အကြောင်းအရာတွေပါ။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ရှင့်။ အခုမကြာသေးခင် ကမ္ဘာ့ဘဏ်ကနေ အကြံပြုထားတာ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ရယ်။ ပြီးတော့ လူတိုင်း လက်လှမ်းမိနိုင်တဲ့ ဘဏ္ဍာရေးစနစ် ဖော်ဆောင်ပေါ့နော်။ အဲတာတွေကို အကြံပြုထားတယ်ရှင့်။ ဒါတွေက တဆင့် SME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ရနိုင်မလားရှင့်။

ဒေါက်တာအောင်သူရ ။ ။ SME financing ဆိုတာတော့ တိုင်းပြည်တိုင်းမှာ အရမ်းကြီး မလွယ်ပါဘူး။ လုပ်ငန်းတွေကို စပြီးထောင်ခါစပေါ့နော်။ အစမှာကတော့ financing ဆိုတာ ကျန်တဲ့တိုင်းပြည်မှာလည်း သိပ်မလွယ်ဘူး။ ဒါပေမယ့် အတိုင်းတာတစ်ခုထိ အောင်မြင်သွားပြီးပေါ့နော်။ SME တစ်ခုက ဝန်းထမ်း တစ်ရာကျော်သွားပြီ နှစ်ရာကျော်သွားပြီ။ အတိုင်းတာတစ်ခုထိလည်း အောင်မြင်နေပြီဆိုရင်တော့ တစ်ချို့ တိုင်းပြည်တွေမှာ financing တွေက တဖြေးဖြေးပိုလွယ်လာတယ်။ မြန်မာပြည်မှာတော့ အတိုင်းတာ တစ်ခုထိ အောင်မြင်တယ်ဆိုရင်တောင် သိပ်မလွယ်သေးတဲ့ အကြောင်းအရာလေးတွေ ရှိတယ်။  အဓိကတော့ ဘဏ်မှာ ချေးငွေရဖို့ collateral မပါဘဲနဲ့ ချေးဖို့ အဲတာတွေက အဆင်မပြေသေးပါဘူး။ အဲတော့ အဲဒါလေး အဓိက ပြင်ရမှာပါ။

မဇ္ဈိမ ။  ။ ဒီတစ်ဆက်တည်းမှာ လျှပ်စစ်မီး ကဏ္ဍပေါ့နော်။ လျှပ်စစ်မီးကဏ္ဍကလည်း ဒီ SME လုပ်ငန်းတွေနဲ့ အခြားစီးပွားရေး ကဏ္ဍတွေမှာ ဆက်သွယ်နေတယ်ဆိုပြီးတော့ လုပ်ငန်းရှင်တွေက မကြာခဏ ပြောတယ်ရှင့်။ အဲတော့ ဒီလာမယ့် အစိုးရမှာ ဒီလျှပ်စစ် ကဏ္ဍကကော အဓိက ဦးစားပေး လုပ်ဆောင်သင့်တဲ့ ကဏ္ဍ ဖြစ်လားရှင့်။ ဒီပေါ်မှာကော ဘယ်လို ဆွေးနွေးချင်ပါသလဲ။

ဒေါက်တာအောင်သူရ ။ ။ အခုလာမယ့် အစိုးရကတော့ အဓိက ဘယ်နေရာတွေကို သူတို့ အဓိက ထားမယ်ပေါ့နော်။ ဘယ်နေရာတွေကို အဓိက ထားမယ်။ ဘာတွေကို လုပ်မယ်ဆိုတာ သူတို့ အရင်ဆုံး ဆုံးဖြတ်ဖို့ လိုပါတယ်။ မြန်မာပြည်ရဲ့ capacity က အကုန်လုံး လုပ်နိုင်တဲ့ capacity မရှိပါဘူး။ ပြင်ချင်တာကတော့ အကုန်လုံးကိုပြင်ချင်တာပေါ့။ ဒါပေမယ့် ကိုယ့်မှာ တကယ်ပြင်နိုင်ဖို့ အင်အားရှိလားပေါ့နော်။ ငွေကြေးရှိလား ပညာတတ်တဲ့သူတွေ ရှိလား။ လုပ်ပေးနိုင်တဲ့သူတွေ ရှိလား။ အဲတာကိုလည်း ပြန်ကြည့်ရတယ်။ အဲတော့ ပြိုင်တူကတော့ အကုန်လုံးကို မလုပ်နိုင်ဘူး။ အဲနေရာမှာ အစိုးရအနေနဲ့ Priority -ဦးစီးပေးအစီအစဉ်တွေ ထားရမယ်။ ဘာကို မြန်မာပြည်မှာ ဘာက အရေးကြီးဆုံးလဲ။ ဘာတွေ အရင်ပြင်သင့်တယ်ပေါ့နော်။ တစ်ချို့ပိုင်းတွေမှာတော့ ဥပဒေတွေ ပြင်ရမယ်။ နည်းဥပဒေတွေ အပိုင်းတွေ ပြင်ပေးရမှာရှိသလို infrastructure ပိုင်းမှာလည်းပြင်ပေးရမယ့် အပိုင်းတွေ ရှိပါတယ်။ အဲမှာကတော့ လျှပ်စစ်က အရေးကြီးတယ်ဆိုတာ လူတိုင်း သိပါတယ်။ အသိမှတ်လည်း ပြုထားပါတယ်။ ဒီ electricity ရဖို့ အရေးကြီးတယ်။ ဒါပေမယ့် ဘာကလည်း အရေးကြီးသေးလဲ လမ်းပန်းဆက်သွယ်ရေး infrastructure အဲတာတွေကလည်း အကုန်လုံး အရေးကြီးပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ ဒီ SME  လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ဝင်ငွေရပေါက်ရလမ်းတွေ ပြီးတော့နည်းပညာ ပံ့ပိုးကူညီ မှုတွေက နောက်အစိုးရက ဆက်ပြီးတော့ အကောင်ထည် ဖော်သင့်လား ပြီးတော့ ခုပြီးခဲ့တဲ့အစိုးရ လုပ်ခဲ့တာတွေကို ထပ်တိုးပြီးတော့ အကောင်အထည်ဖော်သွားရုံပဲလား။ သူတို့အနေနဲ့ ခက်ခက်ခဲခဲ လုပ်ရမှာတွေ ဘာတွေများမြင်မိသေးလဲ။ ဆရာရဲ့ သီးခြားအမြင်လေး ပြောပြပေးပါလား။

ဒေါက်တာအောင်သူရ ။ ။ အစိုးရ အနေနဲ့တော့ အဓိက political ပိုင်းကိုပဲ လုပ်ပေးနိုင်တာပေါ့နော်။ ဒီ SME  တွေ တိုးတက်လာဖို့ အောင်မြင်လာဖို့ ဆိုတာ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဆွေးနွေးတယ်။ ဒီ SME တွေ အောင်မြင်လာဖို့ပေါ့နော်။ ဘာတွေလိုလဲ အခုဟာက ဒီ political ပိုင်းမှာ လိုတယ်။ တစ်ခုက technological အပိုင်းတွေမှာ infrastructure ရှိဖို့ internet connections ရှိဖို့ အဲဒါတွေ လိုအပ်တယ်။ နောက်တစ်ခုက ဘာလိုလဲ ဒီစီးပွားရေးပိုင်းမှာ လိုမယ်။ နောက်တစ်ခု culture ပိုင်းလိုမယ်။ culture ကျတော့ မြန်မာပြည်ရဲ့ ဓလေ့ထုံးစံအရ တစ်ခါတလေကျရင် Risk (စွန့်စားမှု) သိပ်မယူချင်တာတို့ လုပ်ငန်းတစ်ခု ထူထောင်တယ်ဆိုရင် Risk ကတော့ များတာပေါ့နော်။ တစ်ခု မအောင်မြင်ဘူးဆိုရင် ဒီပုဂ္ဂိုလ်ဟာ မအောင်မြင်ခဲ့ဘူးဆိုပြီးတော့ အဲတာကြီးဟာ သူ့အတွက် အစွန်းကြီး ဖြစ်တယ်။ အဲတာမျိုး မဖြစ်အောင်လို့ ပြင်ရမှာ အများကြီးရှိတယ်။ ဒီအစိုးရဘက်ပိုင်းမှာတော့ ဘာကို ကူပေးရမလဲဆိုတော့ ဒီ financing လွယ်လွယ်ကူကူ ရလာနိုင်အောင်ပေါ့နော်။ အဲတာကို Support  လုပ်ပေးရမယ်။ ဗဟိုဘဏ်အနေနဲ့ ဘာကို သတ်မှတ်ပေးရမလဲဆိုတော့ ဘဏ်တွေ ငွေချေးပေးမယ်ဆိုရင် collateral မယူဘဲနဲ့ Risk  တွေကို အစပ်လုပ်ပေါ့နော်။ SME  တစ်ခုရဲ့ သူရဲ့ Risk ကိုကြည့်ပြီးတော့ ဘယ်လိုချေးရမယ်ဆိုတာ အဲတာကို ဂိုက်လိုင်းတွေ ချပေးဖို့ လိုပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါရှင့်။ တိုင်းပြည်တစ်ခု စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီအသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ် တိုးတက်နေဖို့ အဲနှစ်ခုက ဘယ်လောက်ထိများ ယှဉ်တွဲနေပါသလဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကို ဒီလုပ်ငန်းတွေက ဘယ်လောက်ထိ အထောက်ကူ ပြုပါသလဲ ရှင့်။ 

ဒေါက်တာအောင်သူရ ။ ။ SME  ကသိပ်အရေးကြီးပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာဆို ဘာပြောလဲဆိုတော့ SME  တွေ တိုင်းပြည်တစ်ခုလုံး စီးပွားရေးရဲ့ Backbone လို့ ပြောပါတယ်။ ကျောရိုးပေါ့နော်။ ဒီ SME တွေဆိုတာက ကုမ္ပဏီတွေ အများစုက SME တွေပါပဲ။ ကြီးတဲ့ ကုမ္ပဏီတွေက တစ်ခါတလေကျရင် ကြည့်လို့ကောင်းတယ်။ သူတို့က နာမည်ထွက်တယ်။ ဒါပေမယ့် ၉၉.၉၅% လောက်က SME တွေ ဖြစ်တယ်။ ဝန်ထမ်းတွေမှာဆိုရင်လည်း တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ဝန်ထမ်းတွေက ၅၀% ကျော်က SME  အရ အလုပ် ခန့်ထားတာပါ။ အဲလိုပဲ ဂျာမနီတို့ ဆွစ်ဇလန်တို့မှာဆိုရင် ၅၀% လောက်ထိက တိုင်းပြည်တစ်ခုရဲ့ Value Creation မှာ SME တွေက လုပ်တာပါ။ အဲတော့ SME တွေဆိုတာ တိုင်းပြည်တစ်ခုရဲ့ စီးပွားရေး အတွက် အတော်ပဲ အရေးကြီးပါတယ်။ နောက်တစ်ခုက အောင်မြင်တဲ့ ကုမ္ပဏီတွေဆိုတာလည်း အကုန်လုံးက တစ်ချိန်မဟုတ် တစ်ချိန်တော့ SME ဖြစ် ခေတ်စားခဲ့တာပဲ။ ကုမ္ပဏီတိုင်း ကုမ္ပဏီ တိုင်းက ခု အမေရိကန် ကုမ္ပဏီတွေကလည်း တစ်ယောက်က ထူထောင်ပြီးတော့ စပြီး လုပ်ခဲ့တယ်။ နောက်ကြတော့ SME ဖြစ်သွားတယ်။ နောက်ကျတော့ အရမ်းအောင်မြင်သွားတော့ ပိုကြီးသွားတယ်။ SME အများစုကတော့ အရမ်းအောင်မြင်ပြီး အရမ်းကြီးသွားတယ်ဆိုတာ ရှားတယ်။ ဒါပေမယ့် သူက စီးပွားရေးတစ်ခုလုံးအတွက် အရေးကြီးတယ်။ Ford ဆိုတာလည်း Henry Ford ဆိုတဲ့ ပုဂ္ဂိုလ်က ထောင်ခဲ့လို့ Ford ဆိုတဲ့ ကားကုမ္ပဏီ ဖြစ်သွားတယ်။ general electric ဆိုတဲ့ ကုမ္ပဏီဟာလည်း Thomas Edison ဆိုတဲ့ ပုဂ္ဂိုလ်က သူက စပြီးထောင်ခဲ့လို့ general electric ဆိုတာ ပေါ်လာတယ်။ အဲတော့ SME တွေဆိုတာက စီးပွားရေး တစ်ခုလုံးအတွက် တော်တော်လေး အရေးကြီးတယ်လို့ ယူဆလို့ ရပါတယ်။

မဇ္ဈိမ ။  ။ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly