မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအရေး အမေရိကန်တွင် အုပ်စုနှစ်ခုကွဲနေ

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအရေး အမေရိကန်တွင် အုပ်စုနှစ်ခုကွဲနေ
Photo By Kevin Lamarque/Reuters

မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးသည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းချိန်တန်နေပြီဟု စီးပွားရေးလုပ်ငန်းလုပ်ကွက်များ ရရှိရေးကြိုးပမ်းသူ အမေရိကန် စီးပွားရေးလော်ဘီများက ပြောဆိုလျက်ရှိသော်လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အမေရိကန်လွှတ်တော်အမတ်များက ယခုလောက် မြန်မြန်ဆန်ဆန် မရုပ်သိမ်းသင့်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရတက်လာပြီဖြစ်သော်လည်း တပ်မတော်၏ အာဏာက ပိုင်စိုးနေဆဲဖြစ်သည်။

ဖြစ်ပေါ်နေသည့် အနေအထားက ရင်းနှီးမြုပ်နှံမှုများကို အားပေးမြှင့်တင်လိုသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်၍ မြန်မာနိုင်ငံကို နောက်ထပ်ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ဖြစ်အောင် တွန်းအားပေးနိုင်သည့် အရှိန်အဝါ ပျောက်ဆုံးသွားမည်ကိုလည်း မလိုလားသည့် သမ္မတအိုဘားမားအတွက် အကျပ်ရိုက်စရာဖြစ်နေသည်။ ထို့အတွက် လာမည့်သီတင်းပတ်တွင် အိုဘားမားအနေဖြင့် မြန်မာနိုင်ငံအပေါ် နောက်ထပ်တစ်နှစ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်ထားလိမ့်ဖွယ်ရှိသည်။ အိုဘားမားအစိုးရအနေဖြင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် နာမည်ပျက်စာရင်းသွင်းထားသည့် မြန်မာနိုင်ငံမှ နိုင်ငံပိုင်ကုမ္ပဏီတစ်ချို့ကို စာရင်းမှ ပယ်ဖျက်ပေးဖွယ်လည်း ရှိသည်။

ပြီးခဲ့သည့်လက အစိုးရအာဏာရယူခဲ့သည့် မြန်မာနိုင်ငံအရပ်သားအစိုးရအား နောက်ထပ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် ထောက်ခံမှု ပြသသည့်အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မေ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၃ ရက်က ထုတ်ပြန်ထားသည်။

အမေရိကန်သည် မြန်မာနိုင်ငံတွင် တင်းကြပ်သည့် စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းမှုများ ဖော်ဆောင်လာခဲ့၍ ၂၀၁၂ ခုနှစ်အတွင်းက ရေရှည်ဒဏ်ခတ်ထားသည့် ရင်းနှီးမြုပ်နှံရေးနှင့် ကုန်သွယ်ရေးတို့တွင် ဖြေလျှော့မှုများ လုပ်ဆောင်ပေးခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု အာမခံထိန်းချုပ်ရေးရုံးတွင် နာမည်ပျက်စာရင်း သတ်မှတ်ထားသည့် စစ်တပ်ပိုင် အဓိကကုမ္ပဏီကြီးများနှင့် ကုမ္ပဏီဒါဇင်များစွာနှင့် လူပုဂ္ဂိုလ်အချို့ကိုမူ စီးပွားရေးလုပ်ကိုင်ခွင့်များ ပိတ်ပ်ထားဆဲဖြစ်သည်။ ထိုပြင် မြန်မာနိုင်ငံက စစ်လက်နက်ပစ္စည်းကုန်သွယ်ခွင့်နှင့် နိုင်ငံ၏ မက်မောစရာဈေးကွက်ဖြစ်သော ပတ္တမြားနှင့် ကျောက်မျက်ရတနာကျောက်စိမ်း တင်ပို့ခွင့်များကိုလည်း ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သည်။

အမေရိကန်နိုင်ငံအတွက် ခြိမ်းခြောက်စရာ ဖြစ်မည့်နိုင်ငံအပေါ် စီးပွားရေးစည်းကြပ်မှုအခွင့်အာဏာ သမ္မတဖြစ်သူအား ပေးထားသည့် နိုင်ငံတကာအရေးပေါ် စီးပွားရေးအာဏာအက်ဥပဒေအရ ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြဌာန်းခြင်းဖြစ်သည်။

"မြန်မာနိုင်ငံအပေါ် ငါးနှစ် ဆယ်နှစ်လောက်ကတည်းက ချမှတ်ပြီးတာကြောင့် အရေးပေါ်အခြေအနေမျိုးဆိုတာ ရှိနေနိုင်ဦးမှာလား။"ဟု အမေရိကန်ကုန်သည်ကြီးများအသင်း အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်ညွန်ကြားရေးမှူး John Goyer က ပြောသည်။ ရင်းနှီးမြုပ်နှံသူများအတွက် မသေချာမရေရာမှုများကို ဖန်တီးနေသည့် မြန်မာနိုင်ငံအပေါ် အထူးဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေးကို အမေရိကန်ကုန်သည်ကြီးများအသင်းက တွန်းအားပေးလျက်ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Coca-Cola၊ General Electric၊ Chevron နှင့် Caterpillar ကဲ့သို့ အမေရိကန်ကုမ္ပဏီကြီးအချို့ ဈေးကွက်ဝင်ရောက်နေပြီဖြစ်သော်လည်း ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၄၈ သန်းသာရှိ၍ မြန်မာနိုင်ငံက စုစုပေါင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏ၏ တစ်ရာခိုင်နှုန်းပင် ပြည့်မီခြင်း မရှိကြောင်း John Goyer က ပြောခဲ့သည်။

အခြားတစ်ဖက်တွင်မူ ဆန့်ကျင်ဖက်အစွန်းအဖြစ် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများက နိုင်ငံမဲ့ မွတ်စလင် ၁၄၀၀၀၀ ကို နုံချာသည့် ဒုက္ခသည်စခန်းများတွင် အထိန်းသိမ်းခံအဖြစ် ထားရှိခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ချေမှုန်းစစ်ဆင်မှုများတွင် စစ်တပ်၏ အလွဲသုံးစားလုပ်မှုများကို ထောက်ပြကာ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးကို ကန့်ကွက်လျက်ရှိသည်။

"လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုတွေက လူ့အခွင့်အရေးကို အလွဲသုံးစားလုပ်သူတွေကိုယ်တိုင် သူတို့အပြုအမူတွေကို ဆေးကြောဖို့အတွက် တွန်းအားတွေပဲဖြစ်တယ်။ ဒီလို ဒဏ်ခတ်ပိတ်ဆို့ထားတာက သင့်တော်လျောက်ပတ်တဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပြီး ဆက်ထားသင့်တယ်။ တိုးတက်ခိုင်မာလာတဲ့ နှစ်နိုင်ငံဆက်ဆံရေးကနေပြီး လူ့အခွင့်အရေး အလွဲသုံးစားလုပ်နေသူတွေအတွက် အကျိုးအမြတ်မရှိစေရဘူး။"ဟု Fortify Rights အဖွဲ့၏ အလုပ်အမှုဆောင်ဒါရိုက်တာ Matthew Smith က ပြောခဲ့သည်။

အမေရိကန်ရှိ ပါတီနှစ်ရပ်စလုံးက လွှတ်တော်အမတ်များကလည်း မေ ၂၀ တွင် သက်တမ်းကုန်မည့် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား ဆက်လက်ထားရှိရန် သမ္မတအိုဘားမားအား တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly