အဆိုတော် ဒီအွန်ဝေါရစ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားတွင် လေဒီဂါဂါ ဆဲလ်လာဘလက်ခ် အဖြစ် ပါဝင် သရုပ်ဆောင်မည်မဟုတ်ဟု ကိုယ်စားလှယ် ပြော

အဆိုတော် ဒီအွန်ဝေါရစ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားတွင် လေဒီဂါဂါ ဆဲလ်လာဘလက်ခ် အဖြစ် ပါဝင် သရုပ်ဆောင်မည်မဟုတ်ဟု ကိုယ်စားလှယ် ပြော

နယူးယော့ခ်၊ မေ ၁၄ ။                 ။ ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါသည် အဆိုတော် ဒီအွန်ဝေါရစ်ခ်၏ ဘဝဇာတ်ကြောင်းကို အခြေခံထားသော  ရုပ်ရှင်ကားသစ်တွင် ဆဲလ်လာဘလက်ခ်အဖြစ် ပါဝင်သရုပ်ဆောင်မည်မဟုတ် ကြောင်း ဂါဂါ၏ ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“လေဒီဂါဂါဟာ ဒီအွန်ဝေါရစ်ခ် အတ္ထုပ္ပတ္တိရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာ မဟုတ်ပါ ဘူး။ လေဒီဂါဂါ ဒီရုပ်ရှင်ကားမှာ သရုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းဟာ မှားနေပါတယ်” ဟု ကိုယ်စားလှယ်က Variety မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

ဝေါရစ်ခ်သည် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရုပ်ရှင်နှင့် ပါဝင် သရုပ်ဆောင်မည့် သရုပ်ဆောင်များအကြောင်းကို အသေးစိတ် ကြေညာခဲ့သည်။ ဝေါရစ်ခ်၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးမည့် ရုပ်ရှင်ကားသည် ၁၉၆၀ ပြည့်လွန်နှစ်က ၎င်း၏ သက်မွေးမှုလုပ် ငန်း အစောပိုင်းကာလအကြောင်းကို ပုံဖော်ရိုက်ကူးသွားမည် ဖြစ်သည်။

Destiny ၏ ကလေးအဆိုတော်ဟောင်း လီတိုယာလုကက်က ဝေါရစ်ခ်အဖြစ် သရုပ်ဆောင် သွားမည်ဖြစ်ပြီး ဒန်နီဂလိုဗာက ဝေါရစ်ခ်၏ဖခင်အဖြစ် သရုပ်ဆာင်သွားမည်ဖြစ်သည်။

ဆဲလ်လာဘလက်ခ်၏ ဗားရှင်းပြောင်းသီဆိုထားသော “Anyone Who Had a Heart” တေးသီချင်းသည် ဝေါရစ်ခ်၏ မူရင်းသီချင်းကို ကျော်လွန်ကာ လူကြိုက်များမှု ရရှိခဲ့ခြင်းကြောင့် ဘလက်ခ်သည် ဝေါရစ်ခ်၏ နှစ်ပေါင်းများစွာကြာ ပြိုင်ဘက်တစ်ဦး ဖြစ်ခဲ့သည်။ ဆဲလ်လာဘလက်ခ် သည် ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီ ဖြစ်သည်။

လေဒီဂါဂါ၏ ကိုယ်စားလှယ် ငြင်းဆိုမှုမတိုင်မီ ဆဲလ်ဘလက်ခ်၏ ပြောရေးဆိုခွင့်ရှိသူက “ဂါဂါဟာ ထူးခြားတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်တို့ထင်တယ်။ သူမဟာ အရမ်းကို တော်တဲ့ သရုပ်ဆောင်တစ်ဦးပါ။ သူမရဲ့ သရုပ်ဆောင်မှုကို မြင်တွေရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly