ပုသိမ်ကို အုပ်ချုပ်ရေးမြို့မကဘဲ ကူးသန်းရောင်းဝယ်ရေးမြို့အဖြစ် ကြိုးပမ်းမယ်

ပုသိမ်ကို အုပ်ချုပ်ရေးမြို့မကဘဲ ကူးသန်းရောင်းဝယ်ရေးမြို့အဖြစ် ကြိုးပမ်းမယ်
ဓာတ်ပုံ-လှိုင်မျိုး၊မဇ္ဈိမ

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ တွေ့ဆုံခြင်း (ပထမပိုင်း)

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။ အခုတွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီကို ဧရာဝတီတိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုလုပ်မလဲ။ ဧရာဝတီတိုင်းမှာ တောင်သူလယ်သမား အများစု နေထိုင်တဲ့အတွက် တောင်သူလယ်သမားတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုတွေများ အစီအမံတွေ လုပ်ထားလဲ။ ဧရာဝတီတိုင်းသားတွေရဲ့ လူနေမှုအဆင့်အတန်းတွေကို ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုများ ဆောင်ရွက်သွားမလဲဆိုတာကို မဇ္ဈိမ တာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်က တွေ့ဆုံမေးမြန်းခဲ့တာကို ဖော်ပြပေးလိုက်ပါတယ်။

မဇ္ဈိမ ။ ။ ပထမဆုံး မေးခွန်းအနေနဲ့တော့ ဧရာဝတီတိုင်းဟာ သဘာဝဘေးအန္တရာယ်တွေ နှစ်စဉ်ခံစားရတာ ရှိပါတယ်။ ကျွန်တော်တို့ ဥပမာအားဖြင့်ဆိုရင် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ ဧရာဝတီတိုင်းသားတွေ အများစု ခံခဲ့ကြရပါတယ်။ ဒီ နောက်လာမယ့် နှစ်တွေနှစ်တွေမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီး ဘယ်လိုများ စီမံခန့်ခွဲဖို့ စီမံထားပါသလဲ ခင်ဗျာ။

မန်းဂျော်နီ ။  ။ သဘာဝဘေးအန္တရာယ်ကတော့ သူ့အချိန်ကျရင် ဖြစ်လာမှာပဲ သိပ်မကြာခင်တုန်းက ဦးထွန်းလွင်က ရေဒီယိုထဲမှာ လွှင့်လိုက်တာ အခု ၂၀ ရက်နေ့ဆို စလေတိုက်မယ်။ လေတိုက်ပြီးတော့ ဒါလည်းပဲ ဘေးအန္တရယ် ဖြစ်လာမှာပေါ့။ ဒီတော့ ဒါတွေလျော့ပါးအောင် အခုနေ ကမ်းပြိုတာတို့ ရေကြီးတာတို့ ဒါတွေ လျော့ပါးသွားအောင် လက်ရှိ တာတမံတွေ ခိုင်ခန့်အောင် တောင့်တင်းအောင် လုပ်ဆောင်နေသလို လယ်ယာမြေကွက်များအတွင်းမှာ ဖြတ်သန်းစီးဆင်းနေတဲ့ သဘာဝ ချောင်းကော မြောင်းကောတွေကိုလည်းပဲ ပြန်လည် တူးဖော်ပေးဖို့ ငါတို့ စီမံဆောင်ရွက်နေတယ်။ ဒါကျတော့မှ ချောင်းကောမြောင်းကောတွေကို တူးဖော်လိုက်တဲ့အခါကျမှ အဲ့ဒီရေတွေက ကောင်းကောင်းစီးဆင်းသွားမယ်လေ။ အဲဒါတွေကို စီမံဆောင်ရွက်နေပါတယ်။ အဲ့ဒါကတော့ သဘာဝဘေးအန္တရာယ်အတွက်ပါ။

မဇ္ဈိမ ။ ။ ဒါဆိုရင် ကျွန်တော်တို့ ဒီ သဘာဝဘေးအန္တရယ်ကိစ္စ ပြီးတဲ့အခါမှာ ကျွန်တော်တို့ ဧရာဝတီတိုင်းဟာ အရင့်အရင်က မြန်မာနိုင်ငံရဲ့ စပါးကျီ အာရှရဲ့ စပါးကျီလို့ တင်စားခေါ်ဝေါ်ခဲ့ကြတာ ရှိပါတယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ နောက်ပိုင်းနှစ်တွေမှာ ဧရာဝတီတိုင်းမှာ ရေကြီးနစ်မြှုပ်မှုတွေ ခံခဲ့ရတယ်။ သဘာဝဘေးအန္တရယ်တွေ ခံခဲ့ရတယ်ဆိုတဲ့အခါမှာ ဧရာဝတီတိုင်းအနေနဲ့ မြန်မာ့စပါကြီအဖြစ်ကနေ တဖြည့်ဖြည့် လျော့ပါးလာတဲ့အနေအထား စပါးအထွက်နှုန်းတွေ လျော့လာတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ အရင့်အရင်က ခေါ်ဝေါ်ခဲ့ကြတဲ့ စပါးကြီးအဖြစ်ကို ပြန်ရောက်ဖို့ ဝန်ကြီးချုပ်ကြီးအနေနဲ့ ဘယ်လိုများ စီမံခန့်ခွဲထားပါသလဲ။

မန်းဂျော်နီ ။  ။ တို့တတွေအနေနဲ့ ဘယ်လိုမျိုးစီမံထားသလဲဆိုရင် တချိန်က သားပြောသလိုပဲ ဧရာဝတီတိုင်းဟာ တကယ့် ကမ္ဘာကျော် ဆန်စပါးတွေ ထွက်ခဲ့တာ။ ဒါပေမယ့် အခု အဲ့သလို မဟုတ်တော့ဘူး။ အဲ့လိုမဟုတ်တော့ အခု အဲ့လိုပြန်ဖြစ်ဖို့ဆိုရင် အာရှစပါကျီပြန်ဖြစ်ရေးအတွက် အဓိကသုံးချက်နဲ့ ပြည့်ညီအောင် လုပ်ဆောင်ပေးရမယ်လို့ စီမံချက်ထဲမှာပါတယ်။ နံပါတ်တစ်က ထုတ်လုပ်မှုအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိရမယ်။ ဒါလည်း သဘောပေါက်ပါလိမ့်မယ်။ နောက်တစ်ခုက အရည်အသွေး စပါးရဲ့ အရည်အသွေးအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိရမယ်။ နောက်တစ်ခုက ဈေးနှုန်းအရလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် လုပ်ရမယ်။ ဒါမှ ကမ္ဘာ့ဈေးကွက်မှာ ဈေးကွက်ဝင်ငွေများများရပြီး ဆန်တင်ပို့မှုမှာ အများဆုံးဆိုတဲ့ ယခင်က ခေါ်သမှတ်ခံရတဲ့ အမည်ကို ပြန်လည်ရရှိမှာဖြစ်တယ်။ ဒါပေမယ့် ဖော်ပြခဲ့တဲ့ ယှဉ်ပြိုင်မှု သုံးခုရှိတဲ့အနက်မှ မြင့်မားလာဖို့က တို့ဧရာဝတီတိုင်းက Level နဲ့မကဘဲနဲ့ national level ကသာ ဆောင်ရွက်နိုင်တဲ့ အရာဖြစ်တယ်။ ဧရာဝတီတိုင်း တစ်ခုတည်းနဲ့ဆို မရနိုင်ဘူး။  national level က ဆောင်ရွက်နိုင်တဲ့အရာရှိတယ်။ national level က သင့်လျော်တဲ့ ပေါ်လစီတွေ Legal backup တွေ မရှိဘဲနဲ့ နိုင်ငံ national နဲ့ဆိုင်တဲ့ ရည်မှန်းချက်တွေကို အကောင်အထည် မဖော်နိုင်ဘူးလို့ ယူဆတယ်။ ဒါကြောင့်မို့ ဒို့ယူဆတဲ့အတိုင်း ပြောရမယ်ဆိုလို့ရှိရင် ငါတို့ ဧရာဝတီတိုင်း တစ်ခုတည်းကနေပြီးတော့ အလုပ် လုပ်ရုံတင်မကဘူး။ အပေါ်က ဗဟိုလို့မပြောဘူးကွာ။ ပြည်ထောင်စုအဖွဲ့ကပါ ငါတို့နဲ့ တွေ့ပြီးတော့ လုပ်မှသာ အောင်မြင်နိုင်မယ်လို့ ယူဆတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့။ နောက်တစ်ခုက ကျွန်တော်တို့ ဧရာဝတီတိုင်းမှာဆိုရင် လယ်သမားအများစုပေါ့နော် လယ်သမားအများစုက လယ်လုပ်နေကြတယ်။ လယ်လုပ်တဲ့အခါကျတော့ ဝင်ငွေက နည်းပါတယ်။ ဆိုတော့ ဝင်ငွေနည်းတယ်ဆိုရင် ကျွန်တော်တို့က သတ်မှတ်တာက နွမ်းပါးတယ်ပေါ့။ နွမ်းပါးတဲ့သူတွေကို ဒီလိုမျိုး ဧရာဝတီတိုင်းမှာ အများစုနေထိုင်ကြတဲ့ လယ်သမားတွေကို လူနေမှုအဆင့်အတန်း မြင့်မားဖို့ အဖိုးတို့အနေနဲ့ ဘယ်လိုများ စီစဉ်မလဲ။

မန်းဂျော်နီ ။  ။ ဟုတ်တယ်။ သားမေးတဲ့ မေးခွန်းက သိပ်ကောင်းတဲ့မေးခွန်းပါ။ လယ်သမားတွေ အဆင့်အတန်းမြင့်ဖို့ ဘာလုပ်မလဲဆိုရင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှာ လောလောဆယ် လုပ်ထားတဲ့ အစီအမံတွေကတော့ လယ်ယာမြေရဲ့ ထုတ်လုပ်မှုစွမ်းအား တိုးအောင် လုပ်အားရဲ့ ထုတ်လုပ်မှုစွမ်းအား တိုးအောင် လယ်ယာမြေကြီးရဲ့ ထုတ်လုပ်မှုစွမ်းအား တိုးအောင် လုပ်ဆောင်နေပါတယ်။ နည်းလမ်းကတော့ ဒို့ဧရာဝတီတိုင်းဒေသကြီးမှာ ကြွယ်ဝလှတဲ့ သဘာဝမြစ်ချောင်းတွေမှတဆင့် လယ်ယာမြေကွက်များအတွင်း ရေရရှိအောင် အသေးစား မြောင်းငယ်တွေ တူးဖော်ပေးနေတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ရေမရဘူး။ ဒါပေမယ့် ဘတ်ဂျက် ကန့်သက်ချက်အရ စိတ်ထင်တိုင်းတော့ မပေါက်ဘူးပေါ့။ ရေရရှိရင်တော့ ဧရာဝတီတိုင်းဒေသကြီးမှာ တစ်နှစ် သုံးသီးစိုက်နိုင်တဲ့ နေရာဒေသတွေ တိုးလာမယ်။ ရှိလာမယ်။ ပထမသီးနှံအဖြစ် မိုးစပါး ဒုတိယသီးနံှအဖြစ် မတ်ပဲ၊ ပဲတီစိမ်းနှင့် တတိယသီးနှံအဖြစ် နှမ်းသီးနှံတွေ စိုက်နိုင်ပါလိမ့်မယ်။ ဒါဟာ လယ်ယာမြေရဲ့ ထုတ်လုပ်မှု စွမ်းအားမြင့်တင်တာ။ တဆက်တည်းမှာပဲ တစ်နှစ်ထဲမှာ တစ်သီး သို့မဟုတ် နှစ်သီး စိုက်နိုင်တာထက် သုံးသီး စိုက်နိုင်ပြီဆိုရင် ရေရှိရင် သုံးသီးကို စိုက်နိုင်တယ်။ သုံးထပ်သီးနံှတွေ တိုးစိုက်တာနဲ့အမျှ လုပ်အားရဲ့ ထုတ်လုပ်မှုစွမ်းအားကလည်း တက်လာမှာ ကျိန်းသေတယ်ပေါ့နော်။ ဒီနည်းလမ်းနဲ့ လယ်သမားတွေရဲ့ လူမှုစီးပွား ဘဝကို မြင့်တင်ပေးနိုင်ပါတယ်။

မဇ္ဈိမ ။  ။ နောက်တစ်ခုက ကျွန်တော်တို့ ပြောပြောနေတာပေါ့နော်။ အစိုးရအဆက်ဆက်လည်း ပြောခဲ့တာတွေရှိတယ်။ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို တိုးပြောင်းပြီးတော့ လုပ်မယ်ဆိုပြီးတော့ ဒါပေမယ့် လက်တွေ့မှာတော့ ကျွန်တော် ထင်ရသလောက် မြင်ရသလောက်တော့ လယ်သမားတွေက လယ်ထဲမှာ တကယ့်အသုံးဝင် ထွန်စက်ကလေး တစ်လုံးတောင်မှ ဝယ်ဖို့ကို အဆင်မပြေဘူး။ ဆိုတဲ့အခါကျတော့ ဒါမျိုးတွေကိုရော လယ်သမားတွေအတွက် ဘယ်လိုမျိုး အထောက်အပံ့တွေ ပေးနိုင်မလဲ ဘယ်လိုမျိုး ပြင်ဆင်ထားပြီးပီလဲ။ ဒီလက်မှုလယ်ယာကနေ စက်မှုလယ်ယာဖြစ်ဖို့အတွက်။

မန်းဂျော်နီ ။  ။ အေးသားပြောတာ သိပ်မှန်တယ်။ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းရေးဆိုတာ ဒါတွေလည်း ဟစ်ကြွေးနေတာ ကြာပါပြီတော့နော်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရရဲ့ အင်အားနဲ့မပြောနဲ့ ပြည်ထောင်စုအစိုးရရဲ့ အင်အားနဲ့တောင် လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းနိုင်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် လက်တွေ့ မြင်နေတဲ့အတိုင်းပါပဲ စက်မှုလယ်ယာကို ကူးပြောင်းဖို့ အလွန်ခက်ခဲတယ်ဆိုပေမယ့် ရေဝင်ရေလွဲနေရာတွေကို အခြေခံတဲ့ နည်းပညာတွေကို အကောင်အထည်ဖော်ရာမှာ ငွေကုန်ကြေးကျ များပါတယ်။ နိုင်ငံခြားအကူအညီမပါပဲနဲ့ ဆောင်ရွက်ဖို့ အလွန်ခဲယဉ်းပါတယ်။ နိုင်ငံခြားအကူအညီကို ရအောင်ယူနိုင်မှ ဒီအစိတ်အပိုင်းကို အောင်မြင်မယ်လို့ ထင်ပါတယ်။ အချိန်နဲ့ ငွေအရင်းအနှီး အလွန်ကြီးမားတဲ့ လုပ်ငန်းဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ နောက်တစ်ခုကျတော့ ဒီ ဧရာဝတီတိုင်းမှာ အရင်အစိုးရက လုပ်ခဲ့တဲ့ စီမံကိန်းတွေပေါ့။ ဥပမာ ဧရာဝတီးတိုင်းကနေပြီးတော့ လှိုင်သာယာအထိ ဖောက်တဲ့ ရထားလမ်းပေါ့နော် နောက်တစ်ခု ပုသိမ် စက်မှုမြို့တော် မြကျွန်းသာအိမ်ယာ စီမံကိန်း အစရှိတဲ့ မပြီးပြတ်သေးတဲ့ စီမံကိန်းတွေ နောက်ပြီးတော့ အကောင်အထည်ဖော်ပြီးတော့ ပြီးသွားပေမယ့်လည်း ခုနပြောသလိုပဲ ဧရာဝတီတိုင်းကနေ လှိုင်သာယာကို ဖောက်ထားတဲ့ ရထားလမ်းဆိုရင် ကျွန်တော်တို့ ပြည်သူ့ဘဏ္ဍာတွေကို အများကြီး အကုန်ကျခံပြီးတော့ သုံးခဲ့တယ်။ ဒါပေမယ့်လည်း အခုထိကို အသုံးချလို့မရသေးတဲ့ အနေအထား ဒီစီမံကိန်းကိုရော အဖိုးတို့ အစိုးရအနေနဲ့ ဘယ်လိုဆက်လုပ်မလဲ ဘယ်လိုစီစဉ်မလဲ။

မန်းဂျော်နီ ။  ။ ဒါလည်း သားမေးတာမှန်တယ်။ ဧရာဝတီတိုင်းကနေပြီးတော့ လှိုင်သာယာ ဖောက်တဲ့ ရထားလမ်းကတော့ အခုထိ အသုံးဝင်တာ မတွေ့ရသေးဘူး။ လမ်းပန်းဆက်သွယ်ရေး မကောင်းသေးဘူး။ ဒါတွေကို ဝန်ကြီးချုပ် ဘယ်လိုဖြေရှင်းမလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတာကို မကောင်းသေးဘူးပဲ ရိုးရိုးသားသားပဲ ပြောရမှာပဲ။ ရထားလမ်းက ဖောက်လုပ်ပြီးခဲ့တဲ့ လမ်းဖြစ်ပါတယ်။ ဘယ်လိုဆက်ပြီးအသုံးဝင်အောင် လုပ်မလဲဆိုတာကို စဉ်းစားရပါမယ်။ လှိုင်သာယာကနေ ဟင်္သာတကို အတွဲတစ်တွဲ အသွားအပြန် ပြေးဆွဲနေပါတယ်။ အခု။ နောက် ဟင်္သာတကနေ နံနက် ၇ နာရီဆိုထွက်တယ်။ ၁၁ နာရီဆို ရောက်တယ်နော်။ နောက်တစ်ခါ လှိုင်သာယာကနေပြီးတော့ နေ့စဉ် ၂ နာရီထွက်တယ်။ ညနေ ၈ နာရီရောက်တယ်။ စီးတဲ့သူက တစ်တွဲလုံးမှာမှ လူ ၁၀ ယောက်လောက်ပဲရှိတယ်။ ဒီတော့ လှိုင်သာယာကနေပြီးတော့ ဟင်္သတကြားက ပုသိမ်ကို ဆက်ထွက်တယ်။ အိမ်မဲဆက်ကော်လ ၃၄ မိုင်က ဒီအတိုင်းပဲ ရှိနေပါသေးတယ်။ ဒါကြောင့် ဒီ အိမ်မဲဆက်ကော်လ ၃၄ မိုင်က အပြီးသတ်ဖို့ လုပ်ရပါမယ်။ ပြီးတော့ လှိုင်သာယာကနေ ဘူတာကြီးကို တိုက်ရိုက် ဆက်သွယ်နိုင်မှ အဆင်ပြေမယ်လို့ ယူဆတယ်။ ဒါပေမယ့် အဲ့စီမံကိန်းက မလွယ်နိုင်ရင် မြန်မာရထားလမ်းနဲ့ ချိတ်နိုင်အောင် ကြိုးစားရမယ်။ ဥပမာ ပုသိမ်ကဆန်ကို မြစ်ကြီးနားသို့ တိုက်ရိုက်ပို့ပေးနိုင်ပါက ကုန်စည်စီးဆင်းမှု မြန်ဆန်မှာဖြစ်တယ်။ ဖြစ်နိုင်ပါက ဝန်ကြီး ဦးဝင်းဌေးက မီးရထားလမ်းနဲ့ ဆက်သွယ်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒါ သူ့အပိုင်းဆိုင်ရာ ရထားလမ်းအပိုင်းဆိုင်ရာပေါ့နော်။ အဲ ဒါပဲပေါ့။

မဇ္ဈိမ ။  ။ နောက်တစ်ခုက ကျွန်တော်တို့ ဒီ ဧရာဝတီတိုင်းဟာ စိုက်ပျိုးရေးပြီးလို့ရှိရင် အပန်းဖြေအနားယူနိုင်တဲ့ ချောင်းသာတို့ ငွေဆောင်တို့လိုမျိုး ကမ်းခြေတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းပန်းဆက်သွယ်ရေးဆိုရင်လည်း အဖိုးသိတဲ့အတိုင်း ခက်ခဲတယ် သွားရလာရတာ။ ပြီးလို့ရှိရင် ဒီချောင်းသာကမ်းခြေကို သွားပြီးတော့ အပန်းဖြေတဲ့အခါမှာ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှုရှိတယ်ပေါ့။ ဒီလိုမျိုး လမ်းပန်းဆက်သွယ်ရေးကောင်းပြီးတော့ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်ကော အဖိုးတို့အစိုးရအနေနဲ့ ဘယ်လိုမျိုး ထိန်းသိမ်းဆောင်ရွက်မလဲ။

မန်းဂျော်နီ ။  ။ ဒီကမ်းခြေတွေမပျက်စီးဖို့ဆိုတာက သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ ထိန်းသိမ်းရမယ်ပေါ့နော်။ သူတို့မှာ လျှပ်စစ်စွမ်းအင် လိုအပ်ချက် ရှိနေပေမယ့် လျှပ်စစ်အတိုင်းအတာ ရောက်ရှိအောင် အဲ့ဒီဘက်ကို စဉ်းစားနေတယ်။ ခုနက ဦးဝင်းဌေးတို့နဲ့ တွဲပြီးတော့ အခုက တို့အစိုးရသက်တမ်းက တစ်လတောင် မရှိသေးဘူးလေကွာ။ နိုင်ငံခြားဟိုတယ်တွေအစား ဒေသခံတွေအကျိုးရှိနိုင်တဲ့ ဘယ်လိုပြောရမလဲ ဟိုတယ်၊ ဥပမာ ဟိုတွေ အကြီးကြီးတွေ လူအများကပြောတယ်။ ဒါပေမယ့် အဲ့မှာ နိုင်ငံခြားကလာတဲ့ သူတွေက အဲ့ဟိုတယ်အကြီးကြီးတွေမှာ မတည်းဘဲနဲ့ သဘာဝအတိုင်းရှိတဲ့ အဲ့ဒီတဲလေးတွေမှာတည်းပြီးတော့ သူတို့စိတ်ကြိုက် ခံစားရတာကို ပိုကြိုက်တယ်ပေါ့နော်။ ဥပမာ ချောင်းသာ ငွေဆောင်နဲ့လုပ်ငန်းတွေနဲ့  အခြားဒေသတွေမှာ Eco-tourism ဒီရေတောဒေသ အဲ့ဒီ ဒေသတွေမှာဆိုရင် ဒီရေတောတွေ မပျက်စီးအောင် ငါတို့ထပ်စိုက်ဖို့ ကြိုးစားဖို့လိုတယ်။ နောက်တစ်ခါ အဲ့ဒီနေရာမှာ တစ်ချို့ ဘယ်လိုပြောရမလဲဆိုရင် အလုပ်လုပ်ချင်တဲ့လူတွေ အများကြီးရောက်လာတယ်။ ဒါပေမယ့် ငါတို့က ထိုက်သင့်တဲ့အစည်းဝေးထိုင်ပြီးတော့မှ ဒါကို မပေးသင့် ပေးသင့်ဆိုတာ ဆွေးနွေးနေပါတယ်။ နောက်တစ်ခုက Community Factories နဲ့ ဆက်စပ်တဲ့ Eco-tourism စတာတွေကို back up tour အနေနဲ့ ဆက်စပ်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ကျွန်တော်တို့ ဒီဧရာဝတီအကြောင်းပဲ ဆက်ပြောရရင် ဧရာဝတီတိုင်းရဲ့ လယ်ယာထွက်ကုန်နဲ့ သားငါးကဏ္ဍပေါ့နော်။ ကျွန်တော်တို့က စိုက်ပျိုးရေးနိုင်ငံလည်းဖြစ်တယ်။ ဧရာဝတီတိုင်းက စိုက်ပျိုးရေးကို အများဆုံးစိုက်ပျိုးတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ ထွက်ကုန်တွေကို လျှင်လျှင်မြန်မြန်နဲ့ ဈေးကွက်ကိုရောက်နိုင်အောင် ဒါမှမဟုတ်လို့ရှိရင် ဈေးကွက်ကို အချိန်မှီရောက်အောင် လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ဘယ်လိုမျိုး ဆက်လုပ်မလဲခင်ဗျ။

မန်းဂျော်နီ ။  ။ အဓိကက ရန်ကုန်ကို မြန်မြန်ရောက်ဖို့ အရေးကြီးတယ်။

မဇ္ဈိမ ။  ။ ရန်ကုန်ပဲဖြစ်ဖြစ် ခုနကပြောတဲ့ မြစ်ကြီးနားပဲဖြစ်ဖြစ်ပေါ့နော်။

အဲ့ဒီအခါကျတော့ ဘာကို စဉ်းစားထားလဲဆိုတော့ ရန်ကုန်၊ ပုသိမ်ကားလမ်းကို ချဲ့ဖို့နဲ့ အရည်အသွေးကောင်းအောင် လုပ်ဖို့ စဉ်းစားထားတယ်။ ကုန်ပစ္စည်းတွေ ဈေးကွက်ကို မြန်မြန်ရောက်သွားအောင် လုပ်သွားမှာဖြစ်တယ်။ တစ်ဖက်ကလည်း ရေကြောင်း ပို့ဆောင်ရေးကဏ္ဍကို ပြန်လည် ဖော်ထုတ်မြှင့်တင်သွားမယ်။ ရေရှည်ကတော့ ရေနက်ဆိပ်ကမ်းနဲ့ Special Economic Zone (အထူးစီးပွားရေးဇုန်) စီမံကိန်းကို အကောင်အထည်ဖော်ခြင်းအားဖြင့် ပုသိမ်ကို အုပ်ချုပ်ရေးမြို့မကဘဲ ကူးသန်းရောင်းဝယ်ရေး မြို့တော်အဖြစ်ပါ အသွင်ကူးပြောင်းနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

https://www.facebook.com/MizzimaDaily/videos/1181295355238701/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly