ရန်ကုန်ယူနိုက်တက်အသင်း ပိုမိုအာရုံစူးစိုက်ရန်လိုအပ်နေဟု ကြည်လင်း ဆို

ရန်ကုန်ယူနိုက်တက်အသင်း ပိုမိုအာရုံစူးစိုက်ရန်လိုအပ်နေဟု ကြည်လင်း ဆို
AFC Cup အုပ်စုနောက်ဆုံးပွဲတွင် ရန်ကုန်အသင်းနှင့် မာဇီယာအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

မေ ၁၃ ၊ ရန်ကုန်။              ။ ၂၀၁၆ AFC Cup ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ပြိုင်ပွဲတွင် ယခုထက် အာရုံစူးစိုက်မှုထားရန် လိုအပ်နေသည် ဟု ကြည်လင်းက မာဇီယာအသင်းနှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup အုပ်စုနောက်ဆုံးပွဲစဉ်တွင် မာဇီယာအသင်းကို ၃-၂ ဖြင့် အနိုင်ရရှိခဲ့သော်လည်း တောင်တရုတ်အသင်းက မိုဟန်ဘဂန်အသင်းကို ၃-၀ ဖြင့် အနိုင်ရခဲ့သည့်အတွက် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ရန်ကုန်အသင်းပါဝင်သည့် အုပ်စု (ဆ) တွင် မိုဟန်ဘဂန်အသင်းက ရမှတ် ၁၁ မှတ်ဖြင့် အုပ်စုပထမ၊ တောင်တရုတ်အသင်းက ၉ မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

" ကျွန်တော်တို့ အုပ်စုကနေ တက်ရောက်ဖို့ အခွင့်အရေးတွေ ရခဲ့တယ်လို့ ထင်ပါတယ်။ အနိုင်ရသင့်တဲ့ပွဲတွေ ရှိခဲ့တယ်။ အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်း ရခဲ့သင့်တယ်လို့ ထင်တယ်။ အသင်းမှာ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု လိုအပ်နေတယ်လို့ ထင်တယ်။ ပြီးတော့ စည်းလုံးမှု ဒီထက်ကောင်းခဲ့ရင် ကျွန်တော်တို့ အသင်းက အုပ်စုကနေ တက်ရောက်နိုင်မှာပါ " ဟု ကြည်လင်းက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲကို ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆ ခုနှစ်တို့တွင် လေးကြိမ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲသို့ တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly