ဂျပန်နိုင်ငံက မဲခေါင်ဒေသနိုင်ငံများအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့်ထောက်ပံ့မည်

ဂျပန်နိုင်ငံက မဲခေါင်ဒေသနိုင်ငံများအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့်ထောက်ပံ့မည်
ဂျပန်-မဲခေါင် အစည်းအဝေးမှ ခေါင်းဆောင်များ REUTERS

ဇူလိုင် ၄ ရက်။       ။ ဂျပန်နိုင်ငံက မဲခေါင်ဒေသနိုင်ငံများအတွက် ဖွံ့ဖြိုးရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့် တိုးမြှင့် ထောက်ပံ့မည်ဟု ဇူလိုင်လ ၄ ရက်နေ့က ပြောကြားလိုက်သည်။

ဂျပန်နှင့် ၎င်း၏မဟာမိတ်အမေရိကန်တို့၏ မဲခေါင်ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ဖယ်ထုတ်ရန် ရည်ရွယ်သည့်ဟု ယူဆကြ သည့် ငွေချေးဘဏ်သစ်ကြီးတစ်ခုကို စတင်ရန် တရုတ်က ပြင်ဆင်နေချိန်တွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ် သည်ဟု ရိုက်တာ သတင်းတပုဒ်က ဖော်ပြသည်။

မဲခေါင်ဒေသတွင်းမှ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် တို့၌ စီးပွားရေးတိုးတက်ရန် အလားအလာကောင်းများ ရှိနေပြီးဂျပန် ပို့ကုန်လုပ်ငန်းရှင်များ အတွက်လည်း ရထားလမ်းစနစ်များ၊ ဓါတ်အားပေးစက်ရုံများနှင့် အခြားအခြေခံ အဆောက်အအုံများ တည်ဆောက်ရန် အဆင်ပြေမည့် နိုင်ငံများဖြစ်သည်။

ယခုအညီအသစ်ကို တိုကျိုမြို့၌ ကျင်းပသော ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် မဲခေါင်ဒေသခေါင်းဆောင်များအကြား ထိပ်သီး အစည်းအဝေးတစ်ခုအပြီး ကြေညာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ၎င်း၏စစ်တပ်ကို ခေတ်မီတပ်မတော်ဖြစ်စေရန် အလျင်အမြန်ဆောင်ရွက်နေပြီး၊ တောင်တရုတ်ပင်လယ်၏ အငြင်းပွားဧရိယာတွင် လူလုပ်ကျွန်းများတည်ဆောက်နေ၍ ဒေသတွင်းတင်းမာမှုများ ဖြစ်ပေါ်နေသည်။

"တောင်တရုတ်ပင်လယ်တွင် မကြာသေးခင်က ဖြစ်ထွန်းမှုများသည် အခြေအနေကို ထပ်မံရှုပ်ထွေးမှုများ ဖြစ်ပေါ်ပြီး ယုံကြည်မှု များကိုလည်း ထိခိုက်စေသည်။ ထို့အပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကျဆင်းစေသည်" ဂျပန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၌ ဖော်ထုတ်ခဲ့ကြသည်။

ဂျပန်နိုင်ငံက အာရှဒေသ၌ အရည်အသွေးမြင့်မားပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အခြေခံအဆောက်အအုံ စီမံကိန်းများ ကို တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံ အကူအညီပေးမည့် အစီအစဉ်တစ်ခုကိုလည်း မေလ၌ ကြေညာ ခဲ့သေးသည်။

အမေရိကန်နိုင်ငံက သဘာဝပတ်ဝန်းကျင်ကို သင့်လျော်စွာ ကာကွယ်စောင့်ရှောက်မှုမရှိဟု ပြောကြားထားသည့် တရုတ် ဦးဆောင်သော အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြုပ်နှံမှုဘဏ် (AIIB) နှင့် မတူညီသည့် စီမံကိန်းများကို ဂျပန်က စီစဉ် မှာဖြစ်သည်ဟု သိရသည်။

၂၀၁၄ ခုက ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် တရုတ်သမ္မတရှီကျင်ပင်းတို့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲအပြီး ဂျပန်နှင့် တရုတ် အကြားဆက်ဆံရေးကောင်းမွန်လာပြီဟု ယူဆကြသော်လည်း ကမ္ဘာစစ်တွင်းကာလဂျပန်၏ ကျူးကျော်ရက်စက်မှု၊ နယ်မြေပိုင်နက် အငြင်းပွားမှုများကြောင့် ဆိုးဝါးနေဆဲဖြစ်သည်။ Ref; Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly