ထိုင်းတွင် ဒေါက်တာဘွဲ့လာယူသည့် ဒေါက်တာစိုင်းမောက်ခမ်း ချင်းမိုင်ရှိ ရှမ်းတိုင်းရင်းသားများဖြင့်တွေ့ဆုံ

ထိုင်းတွင် ဒေါက်တာဘွဲ့လာယူသည့် ဒေါက်တာစိုင်းမောက်ခမ်း ချင်းမိုင်ရှိ ရှမ်းတိုင်းရင်းသားများဖြင့်တွေ့ဆုံ
ဓာတ်ပုံ-ဖနိဒါ

ဒုတိယ သမ္မတဟောင်း ဒေါက်တာ စိုင်းမောက်ခမ်းသည် မေလ ၁၂ ရက်က ချင်းမိုင်မြို့ရှိ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝဝ်ပါပေါက်(Wat Pa Pao)ရှမ်းဘုန်းကြီးကျောင်းတွင် ၃ နာရီကြာ တွေ့ဆုံခဲ့ပြီး လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ နိုင်ငံရေးအခြေအနေများ၊   မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများက မေးမြန်းခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)တို့ တိုက်ပွဲဖြစ်ပွားမှုသည် အဓိကအားဖြင့်   ပြည်သူလူထုများသာ  ခံစားနေရသဖြင့် စိတ်မကောင်းဖြစ်ရကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ဒေါက်တာစိုင်းမောက်ခမ်းသည် ယခင်အစိုးရလက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) ဥက္ကဌ တာဝန်ယူခဲ့သူဖြစ်ကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ်မူကြမ်း(NCA) အပေါ် အစိုးရ သစ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရန် တာဝန်ရှိသည်ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးကိစ္စ၊ အန်စီအေကိစ္စကတော့ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းမှာ ပြီးခဲ့ပြီ ဒါအခုတက်လာတဲ့ အစိုးရက ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့ တာဝန်ရှိပါတယ်။ ဒါလည်း တပ်မတော်ဘက်နဲ့ ဒီမှာဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ သူတု့ိ ဘယ်လိုလို့ ဆက်သွားမယ်ဆိုတာ ခုမှစပြီးတော့ လုပ်နေတာပါ။ အဲဒါကတော့ ရှေ့ဘယ်လို လို့ သွားမလဲ၊ ဘယ်လိုလုပ်ဆွေးနွေးမလဲဆိုတာ   စောင့်ကြည့်ရအုန်းမယ်လို့ ကျနော်အနေနဲ့ ဖြေရှင်ပါတယ်”ဟု သူက ထည့်သွင်းပြောဆိုခဲ့သည်။

ဒေါက်တာ စိုက်းမောက်ခမ်းသည် ဘန်ကောက်မြို့ရှိ ထိုငါးဘုရင်၏ မဟာကျူလားလုံကွန် တက္ကသိုလ်မှ ပညာရေးဆိုင်ရာ Honorary PhD in Educational Administration ဒေါက်တာဘွဲ့ကို လာမည့် မေလ ၁၅ ရက်နေ့တွင် ရယူရန် ရောက်ရှိနေခြင်းဖြစ်သည်။

“မဟာကျူလာလွန်ကွန် တက္ကသိုလ်ဆိုတာ ထိုင်းနိုင်ငံမှာတင် မဟုတ်ပါဘူး။ ကမ္ဘာမှာ ကမ္ဘာကျော်တက္ကသိုလ် ဖြစ်ပါတယ်။ ဒီဆရာတော် ဘုရားတွေကနေပြီးတော့မှ ဦးစီးဦးရွက်ပြီးတော့မှ ဒါဘယ်သူ့ကို ပေးသင့်တယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ ကျနော်ဘက် အနေနဲ့ ကျနော်လုပ်ခဲ့တဲ့ လူမှုရေးကိစ္စတွေ သာသနာရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ ကျနော်ရဲ့ အချက် အလက်တွေ ရှိပါလိမ့်မယ်။ အဲဒါကြောင့်မို့ သူတို့ ပေးတဲ့အတွက် ကျနော်လာယူတာပါ”ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောသည်။

အဆိုပါ ပညာရေးဆိုင်ရာ ဒေါက်တာဘွဲ့ရရှိသည့်အတွက် မြန်မာနိုင်ငံရှိ လူငယ်များ၏ ပညာရေးနှင့်ပတ်သက်၍ မည်သို့ လုပ်ဆောင်သွားရန် ရှိလည်းဆိုသည့် သတင်းထောက်တစ်ဦး မေးခွန်းအပေါ် ယခုကဲ့သို့ ဒေါက်တာစိုင်းမောက်ခမ်းက ဖြေဆိုခဲ့သည်။

“မြန်မာနိုင်ငံ ရဲ့ ပညာရေးက အားနည်းနေတယ်။ ကမ္ဘာနဲ့ ယှဉ်မယ် ဆိုရင် တော်တော်လေး ကျနော်တို့ နောက်ကျနေတယ်။ ဒါကပြောတာ မေးတာလည်း လွယ်တယ်။ ဖြေရတာ အင်မတန်မှ ရှည်လျားတဲ့ အဖြေတွေ ဖြစ်ပါလိမ့်မယ်။ ဒီပညာရေးတခု ပြတ်သွားဖို့ လွယ်ပေမဲ့ တကယ်ပြန်ကောင်းအောင် လုပ်ဖို့ ဆိုတာက နှစ်တွေ အတော်ကြာ ကြိုးစားပြီး လုပ်ပါမှ ပြီးတော့လည်း အထက်အောက် ပေါင်းစပ်မှု ညီမျှပါမှ ဒါက ပညာရေး တိုးတက်မှာပါ။ အဲဒါကြောင့်မလို့ ပညာရေးကို တိုးတဲ့အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းက တော်တော်လည်း ဖြေရခက်တဲ့ မေးခွန်းလို့ ပြောပါ့မယ်။ မေးတာ ဖြေပေမဲ့ ဖြေရတာက လိုရင်းကတော့ ဖြေရင်ခက်တယ်လို့ဘဲ ဖြေချင်ပါတယ်”ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ တစ်ကြိမ် လာရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly