ကူညီလှူဒါန်းမှုပြုလုပ်ရေးအတွက် ထိန်းသိမ်းထားသည့် ဒုတိယကမ္ဘာစစ်က စပစ်ဖိုင်းယားလေယာဉ်ကို လေလံတင်မည်

ကူညီလှူဒါန်းမှုပြုလုပ်ရေးအတွက် ထိန်းသိမ်းထားသည့် ဒုတိယကမ္ဘာစစ်က စပစ်ဖိုင်းယားလေယာဉ်ကို လေလံတင်မည်

လန်ဒန်၊ ဇူလိုင် ၄ ။       ။ လာမည့်သီတင်းပတ် လန်ဒန်တွင် ပြုလုပ်မည့် လေလံပွဲတွင် ၁၉၄၀ပြည့်နှစ်က ပြင်သစ်နိုင်ငံမြောက် ပိုင်း၏ ကောင်းကင်ယံတွင် ပစ်ချခံခဲ့ရသော ထိန်းသိမ်းမွမ်းမံထားသော ဒုတိယကမ္ဘာစစ်က စပစ်ဖိုင်းယား(Spitfire) လေယာဉ် တစ်စင်းကို အမေရိကန်ဒေါ်လာ သုံးသန်းဖြင့် ရောင်းချနိုင်မည်ဟု မျှော်လင့်ရသည်။ ယင်းငွေများကို ကူညီလှူဒါန်းမည်ဟု သိရ သည်။

Vickers Supermarine Spitfire Mk.1A ၏လေယာဉ်အပျက်ကို ၁၉၈၀ပြည့်နှစ်က ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ ကာလိုက်စ်ရှိ ကမ်းခြေတစ်ခုမှ တွေ့ရှိခဲ့သည်။ လေယာဉ်သည် ၁၉၄၀ပြည့်နှစ်၊ ဒန်းကပ်မှ ဆုတ်ခွာစဉ် မေလ ၂၄ ရက်နေ့တွင် ပစ်ချခံခဲ့ ရပြီး နှစ်များစွာအတွင်း ဒီရေတိုက်စားခံရကာ သဲများထဲသို့ နစ်ဝင်ခဲ့သော်လည်း ဆိုးဆိုးဝါးဝါး မပျက်စီးခဲ့ဟု လေလံတင်သူ Christie's ကပြောသည်။

ယခုလေလံတင်မည့်လေယာဉ်မှာ ကျန်ရှိသည့် Mk.1 မော်ဒယ်နှစ်ခုအနက် တစ်ခုဖြစ်သည်။ ယခုလေယာဉ်မှာ ပျံသန်းနိုင်သေး သည်ဟု လေလံတင်သည့်ကုမ္ပဏီက ဆိုသည်။ စပစ်ဖိုင်းယားကို လာမည့်ကြာသပတေး(ဇူလိုင်၉) တွင် ခန့်မှန်းခြေ ပေါင် ၁ဒသမ ၅သန်းမှ ပေါင် ၂ဒသမ၅သန်းဖြင့် လေလံဖွင့်မည်ဖြစ်သည်။

၎င်းလေယာဉ်ကို အနုပညာပစ္စည်းစုဆောင်းသူ သောမတ်ကက်ပ်လန်က ရောင်းချမည်ဖြစ်ပြီး ၎င်းက ရောင်းရငွေများ ကို တော်ဝင်လေတပ်ပရဟိတရန်ပုံငွေအဖွဲ့နှင့် တောရိုင်းတိရစ္ဆာန်အလှူငွေအဖွဲ့ Panthera သို့လှူဒါန်းမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly