လုပ်ငန်း ၃ခုအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၂၀၀အား အစိုးရချေးယူမည်

လုပ်ငန်း ၃ခုအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၂၀၀အား အစိုးရချေးယူမည်
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(မေလ ၁၂ရက်)။ ။ ပြည်ထောင်စုအစိုးရ၏ ဝန်ကြီးဌာန ၃ခုမှ အကောင်အထည်ဖော်မည့် လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း၂၀၀ ချေးယူခွင့်ပြုရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီး ချေးယူခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးများက လွှတ်တော်သို့ မေလ ၁၃ရက်တွင် ရှင်းပြမည်ဖြစ်သည်။

အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၂၀၀အား ချေးယူခွင့်ပြုရန် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက မေလ ၁၃ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်သည်။

မေလ ၁၃ရက် အစည်းအဝေးအစီအစဉ်လျာထားချက်အရ ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ ၂၀၀အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ချေးယူမည်ဟု ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ ၂၀၀အား ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ လမ်းဦးစီးဌာနမှ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် လမ်းများအဖြစ် ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၀၅သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသလမ်းများ ဆောင်ရွက်ရန် ကန်ဒေါ်လာ သန်းပေါင်း ၇၀နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာနမှ အရေးပေါ် တုံ့ပြန်မှုချေးငွေအဖြစ် လျာထားဆောင်ရွက်ရန် ကန်ဒေါ်လာ သန်းပေါင်း ၁၅သန်းကို အသီးသီး ချေးယူကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags