စစ်တပ်အကြီးအကဲကို ဘာမေးမှာလဲ

စစ်တပ်အကြီးအကဲကို ဘာမေးမှာလဲ
ဓာတ်ပုံ-မဇ္ဈိမ
 

ယနေ့ (မေ ၁၃၊ သောကြာ) တွင် တပ်မတော်သတင်းစာရှင်းလင်းပွဲတရပ်ကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ရာ သတင်းစာ ခုနစ်စောင်၊ ဂျာနယ် ရှစ်စောင်နှင့် အခြားမီဒီယာ သုံးခု၊ စုစုပေါင်း မီဒီယာ ၁၈ ခုအား ဖိတ်ကြားထားသည်ကို တွေ့ရသည်။ မီဒီယာတခုလျှင် မေးခွန်းနှစ်ခွန်းကျစီဖြင့် မေးခွန်း ၃၆ ခွန်းကို တင်ကြို တောင်းခံထားသည်ကိုလည်း ထူးဆန်းစွာ တွေ့ရသည်။

တပ်မတော်သတင်းစာရှင်းလင်းပွဲဟု ဆိုသောကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်မည်၊ မတက်ရောက်မည်မှာလည်း မသဲကွဲပါ။ သို့သော် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မီဒီယာနှင့်ရင်းနှီးစေရန် ကြိုးပမ်းဆောင်ရွက်လာခြင်း၊ မေးခွန်းများကို တင်ကြိုရယူကာ ပြင်ဆင်ထားခြင်းတို့ကို ထောက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ယနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

သို့ဆိုလျှင် စစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မျက်မှောက်အခြေအနေတွင် မည်သည့်မေးခွန်းများကို မေးမြန်းထိုက်သနည်းဆိုသည်မှာ အလွန်တရာ စဉ်းစားဖွယ်ဖြစ်သည်။ တမီဒီယာ နှစ်မေးခွန်းစနစ်ကြောင့် မေးခွန်းများမှာ ပေါက်ပြီးဖြစ်ရာ မရှင်းလင်းသည်များကို နောက်ဆက်တွဲမေးခွန်းများဖြင့် မေးမြန်းနိုင်သော် ကောင်းမွန်ပါလိမ့်မည်။ သို့တိုင် ယခုအခါ စစ်တပ်သည် မီဒီယာနှင့် လုံလောက်သော ရင်းနှီးနွေးထွေးမှု မရှိသေးသည်ဖြစ်ရာ နောက်ဆက်တွဲမေးခွန်းများကို အတွန့်တက်သည်ဟု ထင်မြင်ကြပါကလည်း နှစ်ဖက်ဆက်ဆံရေး မပြေပြစ်ရာ ကျရောက်နိုင်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လူထု၏ တခဲနက်ထောက်ခံမှု သို့မဟုတ် ၈၀ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် တက်လာသော အင်န်အယ်လ်ဒီအစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားထည့် လုပ်ဆောင်မည်ဟုဆိုထားရာ အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် စစ်တပ်ကလည်း ပါဝင်နေပါသည်။ ဤသည်ကိုပင် ပညာရှင်များနှင့် ဝေဖန်ရေးသမားများက အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးဟု အမည်သညာပေးလိုက်ကြသည်။ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးဆိုသည်မှာ စစ်တပ်အကြောပေးဆက်ဆံရေး မဟုတ်ပါ၊ အပြန်အလှန်သဘော ဆွေးနွေး၊ ညှိနှိုင်း၊ တိုင်ပင်ပြီး အလျော့အတင်းနှင့် ဘုံသဘောညီကြခြင်းဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဟု သဘောထားသော သတင်းစာရှင်းလင်းပွဲဖြစ်ပါက မေးမြန်းရမည့် မေးခွန်းများမှာ ၎င်းတို့အသက်နှင့်လဲ၍ ကာကွယ်မည်ဟု ဆိုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးခြင်းဆိုင်ရာ မေးခွန်း၊ ကမ္ဘာ့စံချိန်တင် မှတ်တမ်းစာအုပ် ဂင်းနက်စ်စာရင်းဝင် ကမ္ဘာ့အရှည်လျားဆုံး မြန်မာပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတွင် တပ်မတော်က စစ်စစ်မှန်မှန် ပါဝင်ရေးဆိုင်ရာ မေးခွန်း (စစ်တပ်၏ ငြိမ်းချမ်းရေးမူခြောက်ရပ်ကို ကျော်လွန်သော မေးခွန်း)၊ စစ်တပ်၏ ပုံရိပ်ကောင်း (ပြည်သူ့တပ်မတော်) ဖြစ်စေရန် အဆင့်ဆင့်လုပ်ဆောင်မည့် မဟာဗျူဟာဆိုင်ရာ မေးခွန်းများကို မဖြစ်မနေ မေးမြန်းသင့်ပေသည်။

တပ်မတော်ဖခင်ကြီးဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည် လူထုနှင့်တသားတည်း ရှိခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်ဆိုလျှင် ဦးအောင်ဆန်းကိုပြောမှန်း လူတိုင်းသိကြသည်အထိ လူထုက ချစ်ခင်လေးစားခဲ့ကြသည်။ စစ်အာဏာရှင်များခေတ် မရောက်ခင်သည်အထိ လူထုသည် စစ်တပ်နှင့် စစ်တပ်အကြီးအကဲများကို လေးစားချစ်ခင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လက်ရှိကာလ လူထုသမ္မတသည် နဝမမြောက် သမ္မတဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းမှစ၍ တွက်စစ်သော် လက်ရှိကာကွယ်ရေးဦးစီးချုပ်သည် ဒသမမြောက် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။

လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံတွင် သမိုင်းတခေတ်ကို ပြောင်းပစ်လိုက်နိုင်သည့် အာဏာပါဝါများ ရှိနေပါသည်။ အကြောင်းမှာ လူထုက လက်မခံသော်လည်း စစ်အာဏာရှင်များက စိတ်ကြိုက်အချိန်ယူရေးဆွဲပြီး၊ အတင်းအဓမ္မအတည်ပြု ပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော အခွင့်အရေးများကြောင့် ဖြစ်ပေသည်။ လွှတ်တော်တွင်းတွင်လည်းကောင်း၊ အစိုးရအဖွဲ့တွင်းတွင်လည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်းကောင်း၊ စစ်တပ်ထဲတွင်လည်းကောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာပါဝါသည် ကြီးထွားနေဆဲဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးအား မီဒီယာများက မေးခွန်းများ မေးခွင့်ရမူ စိတ်ဝင်စားဖွယ်ဖြစ်ပြီး၊ အထက်တွင် ဆိုခဲ့သည့် မေးခွန်းများပါခဲ့မူ ၎င်း၏အဖြေမှာ ပြည်သူများ ဝမ်းမြောက်ပျော်ရွှင် အားတက်ဖွယ်ရာ အဖြေများဖြစ်က မြန်မာအတွက် သာ၍စိတ်လှုပ်ရှားဖွယ်ဖြစ်မည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly