ဒေါ်နယ်ထရန့်၏ နိုင်ငံတွင်း မွတ်စလင်ဝင်ရောက်ခြင်းအား တားမြစ်သည့်သဘောထား ပျော့ပျောင်းလာပြီလား

ဒေါ်နယ်ထရန့်၏ နိုင်ငံတွင်း မွတ်စလင်ဝင်ရောက်ခြင်းအား တားမြစ်သည့်သဘောထား ပျော့ပျောင်းလာပြီလား

နယူးယောက်၊ မေ ၁၂ ။           ။ အမေရိကန်သို့ မွတ်စလင်များ ခရီးသွားလာရောက်ခြင်းကို တားမြစ်ရမည်ဟူသော ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်၏ ရပ်တည်ချက်သဘောထားက   ပျော့ပျောင်းလာဟန်ရှိသည်။

 Fox News Radio နှင့် အင်တာဗျူးတွင် မွတ်စလင်တစ်ဦးဖြစ်သူ လန်ဒန်မြို့တော်ဝန်သစ် ခန်း၏ မှတ်ချက်စကားကို တုံ့ပြန်ပြောဆိုရာ၌ ထရန့်က မွတ်စလင်များအား တားမြစ်ရမည်ဆိုခြင်းက အကြံပေးချက်သက်သက်မျှသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 လန်ဒန်မြို့တော်ဝန်ခန်းက ၎င်းအနေဖြင့် မွတ်စလင်တစ်ဦးဖြစ်နေ၍ ထရန့်၏ စီမံအုပ်ချုပ်မှုလက်အောက်က အမေရိကန်နိုင်ငံသို့ သွားရောက်နိုင်ဖို့ မရှိသည်ကို စိုးရိမ်မိကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 ထရန့်က ခန်းအတွက်ကတော့ ခြွင်းချက်ထားပေးပါမည်ဟူ၍ ကမ်းလှမ်းခဲ့ခြင်းကိုလည်း ခန်းက ငြင်းဆန်သည်။

 ထရန့်၏ ကမ်းလှမ်းချက်အား ငြင်းဆန်လျက် ခန်းက နယူးယောက်စီးပွားရေးသမား ထရန့်၏ အမြင်များက အသိဉာဏ်မဲ့ပြီး အမေရိကန်နှင့် ဗြိတိန်ကို လုံခြုံမှုနည်းသွားစေလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

 ပြီးခဲ့သည့်နှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် အစ္စလာမ်အစွန်းရောက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အမေရိကန်သို့ မွတ်စလင်များ ဝင်ရောက်ခြင်းကို တားဆီးရမည်ဟု ထရန့်က ပြောဆိုထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly