လွှတ်တော်ဒီဘိတ် ဖြစ်စေချင်သည်

လွှတ်တော်ဒီဘိတ် ဖြစ်စေချင်သည်
နေပြည်တော်လွှတ်တော်ရုံတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ပါလီမန် ဒီမိုကရေစီဘိုးအေ နိုင်ငံဖြစ်သော ဗြိတိသျှပါလီမန်တွင် အာဏာရပါတီနှင့် အတိုက် အခံ ပါတီခေါင်းဆောင်များက နိုင်ငံတော်၏ မျက်မှောက်ရေးရာ ပြဿနာများအပေါ် အချေအတင်   ငြင်းခုံဆွေးနွေး ဒီဘိတ်ပြုကြသည်မှာ အလွန်စိတ်ဝင်စားဖွယ် ဖြစ်သည်။ ပါလီမန်ချန်နယ်လိုင်းတလိုင်း ကို ဘီဘီစီက ထုတ်လွှင့်ပေးထားသည်ဖြစ်ရာ နိုင်ငံရေးနှင့် မျက်မှောက်အရေးအရာများကို စိတ်ဝင် စားသူ ပြည်သူများက စောင့်ကြည့်လေ့လာနိုင်ကြသည်။ မီဒီယာသမားများကလည်း စောင့်ကြည့်တတ် ကြပြီး သတင်းဖြစ်လျှင် သတင်းရေးသား၊ ပြောဆို တင်ဆက်ကြသည်။

မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီခေတ်က ထိုသို့ပင် ဆောင်ရွက်ခဲ့ကြသည်။ အမတ် မင်းများက မျက်မှောက်ရေးရာများကို အချေအတင် ခွန်းတုံ့တင်ပြောဆိုရင်း ဒီဘိတ်ပြုကြသည်။ သတင်းသမားများက စောင့်ကြည့်ကာ သတင်းရေးသားကြသည်။ လူထုကိုယ်စားပြု အမတ်မင်းများ၏
နိုင်ငံရေးဖြတ်သန်းမှုအား၊ ဖတ်အားမှတ်အားများဖြင့် တင်ပြပြောဆို၊ ချေပငြင်းခုံကြသည်ဖြစ်ရာ ၎င်းတို့ ၏ နိုင်ငံ့အရေး ဆောင်ရွက်ချက်များမှာ ပြည်သူအများအတွက် စိတ်ဝင်စားစရာများ ဖြစ်ခဲ့ကြသည်။

ယခုခေတ် လွှတ်တော်များမှာကား တရုတ်ကို အားကျခဲ့သည်ထင်၊ ပုံသဏ္ဍာန်အားဖြင့် ထည်ဝါ လှသော်လည်း မျက်မှောက်ရေးရာများအပေါ် အချေအတင် ဆွေးနွေးငြင်းခုံမှုကို သိပ်မတွေ့ရပါ။ ပြီးခဲ့ သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင်ရော၊ ယခုကျင်းပနေဆဲ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင်ပါ လွှတ်တော်ဥက္ကဋ္ဌများက ပါတီစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ နိုင်ငံနှင့် ပြည်သူ အကျိုးကို ရှေးရှုရန်သာ ပြောဆိုထားကြသည်။ အချေအတင်ပြောခြင်း၊ ဒီဘိတ်ပြုခြင်းသည် လွှတ်တော်ဥက္ကဋ္ဌများ ပြောဆိုထားသည်နှင့် မဆိုင်ပါ၊ မိမိကိုယ်စားပြုသူ ပြည်သူများအကျိုးကို ဥပဒေ ဘောင်အတွင်းမှ ဆောင်ကြခြင်းသာဖြစ်သည်။

သို့သော် မေလ ပထမနှင့် ဒုတိယသတင်းပတ်များအတွင်းတွင် ရခိုင်တပ်မတော် (အေအေ) နှင့် ပတ်သက်၍ ရခိုင်အမတ်များက အဆိုများ တင်လာခြင်း၊ ဆွေးနွေးကြခြင်း၊ ဖေ့စ်ဘုတ်လူမှုကွန် ရက်ပေါ်တွင် ရေးသားခြင်းနှင့် မီဒီယာများသို့ တင်ကြိုထုတ်ပြောခြင်းများမှာမူ လွှတ်တော်တွင်း ဒီဘိတ်ထက် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို ကျော်လွန် သွား၍ထင်သည်။ လွှတ်တော်ဥက္ကဋ္ဌက အသိပေးခြင်းဟု ခေါင်းစဉ်တပ်ပြီး သတိပေးစကား ပြောခဲ့သည်ကို တွေ့ရသည်။

မေ ၁၁ အမျိုးသားလွှတ်တော်တွင်း ရန်ကုန်အမတ် တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး (စိန်ဂျွန်း) နှင့် ပြည်ထဲရေး ဒုတိယဝန်ကြီးတို့၏ အပြန်အလှန် မေးမြန်း၊ ဖြေကြားမှုများမှာလည်း ဒီဘိတ်တခု ကြည့်နေရသကဲ့သို့ ကောင်းမွန်လှပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေများကို ကျွမ်းကျင်စွာ လေ့လာထားပုံရသော ရန်ကုန်အမတ်နှင့် အစိုးရဂုဏ်သိက္ခာကို ထိန်းလိုသော ဒုတိယဝန်ကြီးတို့၏ အပြန်အလှန် ဖြေကြားပုံတို့မှာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။ ဒုတိယဝန်ကြီးသည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသော ပြည်သူကို မျက်နှာမူသော ဝန်ကြီး ဖြစ်က ပိုကောင်းမည်ဟု တွေးဆမိသည်။

မြန်မာ့လွှတ်တော်များကား အကြီးအကျယ် ဒီဘိတ်မဖြစ်နိုင်ပါ။ လွှတ်တော်၏ အဓိကအလုပ်မှာ ဥပဒေပြု၊ ပြင်၊ ရုပ်၊ ဖျက်ဖြစ်ပြီး၊ ဒုတိယအလုပ်မှာ အစိုးရကို ထိန်းကျောင်းတည့်မတ်ခြင်း ဖြစ်သည်။ လွှတ်တော်တွင်း ဘောင်နှင့်စည်းနှင့် လွတ်လပ်စွာ သဘောကွဲလွဲ ဆွေးနွေးခွင့်ရှိပြီး၊ မဲခွဲဆုံးဖြတ်ရန် လိုအပ်ချိန်တွင် မဲခွဲပြီး အတည်ပြုကြမည် ဖြစ်သည်။ သို့ဖြစ်ရာ ဒီဘိတ်ဖြစ်ရန် အခင်းအကျင်း အလွန် နည်းသည်။ အခွင့်အရေး ထိခိုက်ချိန်မျိုးမှသာ ဒီဘိတ်ဖြစ်နိုင်ပေသည်။

လွှတ်တော်များတွင် ပြည်သူ့ကိုယ်စားလှယ်ချည်း သက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း မဟုတ် ဘဲ ပြည်သူများ မလိုလား၊ လက်မခံသော စစ်အာဏာရှင်တို့ စိတ်ကြိုက်ရေးဆွဲ အတည်ပြုပြဋ္ဌာန်းထား သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ကိုယ်စားလှယ်များက ရွေးကောက်ပွဲမဝင်၊ လူထု ထောက်ခံမှု မရှိပါဘဲ ပါဝင်နေပေသည်။ ထိုသူတို့က စစ်အာဏာရှင်တို့အကျိုးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ်မည်ဟုလည်း ဆိုထားပေသေးသည်။ ထိုသူတို့ အကျိုးထိ ခိုက်လာလျှင် ဒီဘိတ်ဖြစ်လေမည်လား။

မဇ္ဈိမကမူ ကိုယ်ကျိုးစီးပွားများအတွက် ပြုလုပ်သော၊ အသက်နှင့်လဲ၍ ခုခံကာကွယ် ချေပနေ မည်ဖြစ်သော ဒီဘိတ်များကို မကြားလိုပါ၊ မကြည့်လိုပါ၊ မမြင်မတွေ့ မရေးမသား မတင်ဆက်လိုပါ။ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးအတွက် မိမိတို့ကသာ ပိုမိုနည်းလမ်းတကျ ဆောင်ရွက်နေသည်၊ ဆောင်ရွက်နိုင်သည်ဟု ပြောဆိုတင်ပြ၊ ချေပရှင်းလင်းသော၊ ခုခံကာကွယ်ပြောကြားနေသော ဒီဘိတ်မျိုးကိုသာ ကြားလိုမြင်လို၊ ကြည့်လိုတွေ့လို၊ ဝေဖန်သုံးသပ် ချီးကျူးထောက်ခံ ရေးသားလိုပါ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly