တရုတ်အရာရှိများ အလွန်ရိုင်းကြောင်း ပြောဆိုနေသည့် ဗြိတိန်ဘုရင်မကြီး၏ စကားဝိုင်း ရုပ်သံမှတ်တမ်းထွက်လာ

တရုတ်အရာရှိများ အလွန်ရိုင်းကြောင်း ပြောဆိုနေသည့် ဗြိတိန်ဘုရင်မကြီး၏ စကားဝိုင်း ရုပ်သံမှတ်တမ်းထွက်လာ

ဗြိတိန်ဘုရင်မကြီးအတွက် နှုတ်ကျွံသွားသည့် ဖြစ်ရပ်မှာ တရုတ်အရာရှိများက အလွန်ရိုင်းသည်ဟု ပြောဆိုနေကြသည့် စကားဝိုင်းကို ကင်မရာရိုက်ကူးခံလိုက်ရခြင်းပင်ဖြစ်သည်။

ပြီးခဲ့သည့် မေ ၁၀ ရက်က ဘာကင်ဟမ်နန်းတော်ဥယျာဉ်ပါတီတစ်ခုတွင် ဘုရင်မကြီးအယ်လိဇဘက်က ယခုကဲ့သို့ရှားရှားပါးပါး လက်လွတ်စပယ်ဟောဟောဒိုင်းဒိုင်း ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိ အသက် ၉၀ ရှိနေသည့် ဘုရင်မကြီးသည် ပြီးခဲ့သည့်နှစ် တရုတ်သမ္မတရှီကျင့်ဖျင် ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ် လာရောက်ချိန်က တရုတ်အရာရှိများ၏ အမူအကျင့်များနှင့် ပတ်သက်ပြီး ရည်ညွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဥယျာဉ်ပါတီတွင် ဗြိတိန်ဘုရင်မကြီးက သမ္မတရှီကျင့်ဖျင် နိုင်ငံတော်ခရီးစဉ်ရောက်ရှိချိန်က လုံခြုံရေးမှူးအဖြစ် တာဝန်ယူခဲ့သည့် အမျိုးသမီးရဲအရာရှိကြီးနှင့် တွေ့ဆုံမိကာ တရုတ်၏ ဆက်ဆံပုံများကို ပြောဆိုမိကြခြင်းဖြစ်ပြီး ယင်းစကားဝိုင်းကို ရုပ်သံမှတ်တမ်းတင်ခံလိုက်ရခြင်းဖြစ်သည်။

ရဲအရာရှိ အမျိုးသမီး D'Orsi က သူ့၏ တရုတ်အရာရှိများနှင့် ဆက်ဆံခဲ့ရပုံကို ပြောဆိုသည့်အခါ ဘုရင်မကြီးက တကယ် ဆိုးလိုက်တဲ့ ကံပဲ ဟူ၍ တုံ့ပြန်ပြောဆိုသည်။

တရုတ်အရာရှိများ ရိုင်းရိုင်းပျပျဆက်ဆံသလားဟု ဘုရင်မကြီးက မေးရာတွင် D'Orsi က ဟုတ်ကြောင်း ဖြေဆိုသည်။

ထိုပြင် အလွန်ရိုင်းပြီး အလွန်ကိုလည်း သံတမန်မဆန်ကြောင်း ယင်းရဲအရာရှိအမျိုးသမီးက ပြောသည်။

ထိုအခါ ဘုရင်မကြီးက တရုတ်အရာရှိများ၏ အပြုအမူများက အလွန်အကျွံဖြစ်လွန်းသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် သမ္မတရှီကျင့်ဖျင်၏ နိုင်ငံတော် ခရီးစဉ်သည် အလွန်အောင်မြင်သည့် ခရီးစဉ်အဖြစ် ယင်းအချိန်က ဘာမင်ဂမ်နန်းတော်က ပြောဆိုထားခဲ့ရာ ဘုရင်မကြီး၏ ယခုအပြောအဆိုက ဆန့်ကျင်ဖက်ရလဒ်အဖြစ် ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly