မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ကောင်းမွန်လာရန် LIFT နှင့်ကမ္ဘာ့ဘဏ်တို့၏ လေ့လာချက်စာတမ်းအသစ်တွေ့ရှိ

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ကောင်းမွန်လာရန် LIFT နှင့်ကမ္ဘာ့ဘဏ်တို့၏ လေ့လာချက်စာတမ်းအသစ်တွေ့ရှိ
 မြန်မာနိုင်ငံ၏ စပါးအဓိကထွက်သည့် ဧရာဝတီတိုင်းအတွင်း စပါးများ ရိုက်သိမ်းအပြီး ခြွေလှေ့ နေကြသူများအားတွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း)

ရန်ကုန်၊ မေ ၁၁ ။           ။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အမြတ်အစွန်းရရှိမှု နည်းပါးနေရသည့် အဓိက အကြောင်းမှာ ကျေးလက်အခြေခံ အဆောက်အအုံကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အလုံအလောက် မရှိခြင်းကြောင့် ဖြစ်သည်ဟု စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) နှင့် ကမ္ဘာ့ဘဏ်တို့၏ လေ့လာတွေ့ရှိချက်အရ သိရသည်။

စိုက်ပျိုးရေးကဏ္ဍမှ အမြတ်အစွန်းရရှိမှု နည်းပါးနေရခြင်း၏ အကြောင်းမျိုးစုံရှိပြီး အများစုမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုံလုံလောက်လောက်မပေးနိုင်ခြင်းအပြင် သုတေသန၊ ပညာပေးလုပ်ငန်းများ၊ ရေသွင်းစနစ်မကောင်းမွန်ခြင်းတို့လည်း တွေ့ရှိထားသည်။

မြန်မာနိုင်ငံရှိ လယ်ယာလုပ်ငန်းစနစ်များမှာ အမျိုးအစား များပြားစုံလင်လှပြီး လယ်ယာအများစုမှာ မိုးရာသီတွင် စပါးကို စိုက်ပျိုးထုတ်လုပ်ကြသော်လည်း ခြောက်သွေ့ရာသီများတွင် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံနှင့်ပြောင်းကဲ့သို့သော ကောက်ပဲသီးနှံများကို စိုက်ပျိုးကြသည်ခြင်းက အလားအလာကောင်းသည်ဟု တွေ့ရှိချက်က ဆိုထားသည်။

"တောင်သူအများစုက နှစ်သီးထက်ပိုမိုစိုက်ပျိုးနိုင်တာကို တွေ့ရှိရတဲ့အတွက် အလွန်အလားလာ ကောင်းပါတယ်”ဟု စာတမ်းကို ဦးဆောင်ရေးသားသူ ကမ္ဘာ့ဘဏ်၏ အကြီးတန်း စိုက်ပျိုးရေးကဏ္ဍ စီးပွားရေးပညာရှင် ဒေါက်တာ ဆဂျီဇော်ရ၏ ပြောကြားချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြား ဆန်စပါးစိုက်ပျိုးသော အာရှနိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံသည် မြေယာနှင့် လုပ်သားများ၏ ကုန်ထုတ်လုပ်နိုင်စွမ်းတို့အပြင် အမြတ်အစွန်းရရှိမှုတွင်ပါ နည်းပါးနေကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“မြန်မာနိုင်ငံရဲ့ လုပ်သားကျွမ်းကျင်မှု မြှင့်တင်နိုင်ဖို့အတွက် တောင်သူပညာပေးလုပ်ငန်းတွေ၊ လယ်ယာကွင်းဆင်းလက်တွေ့ သင်တန်းတွေနဲ့ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေက တကယ်ကို လိုအပ်ပါတယ်..ဒါတွေကနေပြီး လယ်ယာလုပ်ငန်းမှာ အမြတ်အစွန်းရရှိအောင်လည်း အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက်ဆိုရင် စိုက်ပျိုးရေးကဏ္ဍဟာ အလွန်အရေးပါ ပါတယ်” ဟုလည်း LIFTရန်ပုံငွေ ညွန်ကြားရေးမှုး အန်ဒရူး ကာဒ့်ဝုဒ်က ပြောသည်။

အစီရင်ခံစာမှ ရရှိသော အဓိကအချက်အလက်များနှင့် သုံးသပ်ချက်များကို ပြည်သူ့စီမံကိန်း၊ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုနဲ့ အမြတ်အစွန်းပိုမိုရရှိရေးကို ဖော်ဆောင်နိုင်မည့် မူဝါဒများ ရေးဆွဲရာတွင် အသုံးပြုမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စိုက်ပျိုးရေး၏ အခန်းကဏ္ဍမှ ပံ့ပိုးထိန်းညှိပေးနိုင်ရန်ရည်ရွယ်ထားသည်။

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံတွင် ကြီးမားကျယ်ပြန့်ပြီး အရေးပါသည့် အခန်းကဏ္ဍဖြစ်ရာ တစ်နိုင်ငံလုံး စုစုပေါင်း ပို့ကုန်၏ လေးပုံတစ်ပုံကို ထုတ်လုပ်နေပြီး အလုပ်အကိုင်လိုအပ်ချက်၏ တစ်ဝက်ကျော်ကို ယင်းကဖြည့်ဆည်းပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly