ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှူဒါန်းမည့် တစ်ကိုယ်တော် ဓာတ်ပုံပြပွဲ ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှူဒါန်းမည့် တစ်ကိုယ်တော် ဓာတ်ပုံပြပွဲ ကျင်းပမည်

ရန်ကုန်၊ မေ ၁၁ ။             ။ ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုကာ Suu’s Solo Photo Showကို မေလ ၁၃ရက်မှ ၁၅ရက်ထိ ကျင်းပမည်ဖြစ်သည်။

“ပွဲကနေရလာတဲ့ အကျိုးအမြတ်တွေ အားလုံးကို အခုချိန်မှာ ခက်ခဲနေတဲ့ဒေသတွေနဲ့  အချို့လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းသွားမှာဖြစ်တယ်။" ဟု Suu’s Solo Photo Show၏ ဓာတ်ပုံဆရာ ကိုစောဖိုးခွားက မဇ္ဈိမကို ပြောသည်။ သွားရောက်လှူဒါန်းမည့် နေရာကိုမူ မရွေးချယ်ရသေးဘဲ မကြာမီ ပြန်လည် ကြေငြာသွားမည်ဟု ၎င်းက ပြောသည်။

ဇွန်လ၁၉ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသည့် တစ်ကိုယ်တော် ဓါတ်ပုံပြပွဲကို မေလ ၁၃-၁၅အထိ နံနက် ၉း၀၀ နာရီမှ ညနေ ၆း၀၀ထိ ရန်ကုန်မြို့၊ နဝဒေးလမ်းရှိ Think Art Gallery ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှ ယခုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်အထိ မှတ်တမ်းဓါတ်ပုံများပါရှိမည်ဖြစ်ပြီး ဓါတ်ပုံဆရာစောဖိုးခွား၏ တစ်ကိုယ်တော်လက်ရာများဖြစ်ကြောင်း သိရသည်။ ၇၁နှစ်မြောက်မွေးနေ့ ဖြစ်သောကြောင့် ဓါတ်ပုံပေါင်း ၇၁ ပုံဖြင့် ပြသမည်ဟု ၎င်းက ပြောသည်။

ယင်းဓါတ်ပုံများအားလုံးကို ပြသပြီး ရောင်းချသွားမည် ဖြစ်သည်။

အဆိုပါပြပွဲသို့ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး မေလ ၁၃ရက်နေ့ ဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly