ရိုဟင်ဂျာဟုသာ ဆက်သုံးမည်ဟု အမေရိကန်သံအမတ်ကြီးပြော

ရိုဟင်ဂျာဟုသာ ဆက်သုံးမည်ဟု အမေရိကန်သံအမတ်ကြီးပြော

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရက ရိုဟင်ဂျာဟူသော စကားလုံးမသုံးနှုန်းရန် တိုက်တွန်းထားသော်လည်း ဖိနှိပ်ခံမွတ်စလင်များအတွက် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကိုပင် ဆက်လက်သုံးစွဲသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်က မေ ၁၀ ရက်တွင် ပြောလိုက်ကြောင်း ရိုက်တာ သတင်းက ဖော်ပြထားသည်။

ဦးရေအုပ်စုအားဖြင့် ခိုင်မာသည့် အင်အားဖြစ်သော ဦးရေ ၁ ဒဿမ ၁ သန်းနီးပါးရှိသည့် ရိုဟင်ဂျာဟုဆိုသူများကို မြန်မာနိုင်ငံတွင် အများစုက ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုးဝင်လာသူများအဖြစ် လက်ခံထားသည်။ ယင်းရိုဟင်ဂျာ အသုံးအနှုန်းကြောင့်လည်း သဘောထားကွဲလွဲမှုများ ဖြစ်ပွားနေရသည်။

ဒီမိုကရေစီအတွက် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ပြီးနောက် သမိုင်းဝင်ရွေးကောက်ပွဲဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရကာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအစိုးရသစ်အဖြစ် တက်လာသည့် အရေးကြီးတွင် အချိန်အခါတွင် အမေရိကန်နိုင်ငံကိုယ်စားပြုအဖြစ် Scot Marciel က သံအမတ်ကြီးသစ်အဖြစ် တာဝန်ယူလာခြင်းဖြစ်သည်။

"ကျွန်တော်တို့ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အနေအထား၊ နိုင်ငံတကာကျင့်ဝတ်တွေအရ အသိမှတ်ပြုလက်ခံတာက မည်သည့်လူအဖွဲ့အစည်းအသိုင်းအဝန်းကမဆို သူတို့ကို ခေါ်စေချင်တဲ့ အသုံးအနှုန်းကို ရွေးချယ်နိုင်ခွင့်ရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က လေးစားလိုက်နာရမှာဖြစ်ပါတယ်။"ဟု ရိုဟင်ဂျာဟူသောအသုံးအနှုန်း ဆက်လက်သုံးစွဲမစွဲ မေးမြန်းရာတွင် Marciel က တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ဦးစီးသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အမေရိကန်သံအမတ်ကြီးအား အငြင်းပွားဖွယ်ရာ အချင်းအရာဖြစ်၍ ရိုဟင်ဂျာဟူသော အသုံးအနှုန်းအား ရှောင်ကြည်ရန် မေတ္တာရပ်ခံခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ရိုဟင်ဂျာဟူသည်မှာ တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးစုထဲတွင် မပါဝင်ဘဲ ယင်းအသုံးအနှုန်းအား သုံးစွဲခြင်းကလည်း မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေမည်မဟုတ်ကြောင်း ၎င်းတို့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအား ယခုကိစ္စရပ်နှင့် ထင်မြင်ချက်တောင်းခံရာတွင် ငြင်းဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေးမြန်းရန်သာ ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံစဉ်အခါက ရိုဟင်ဂျာဟူသော အသုံးအနှုန်းအား မသုံးစွဲရန် တိုက်တွန်းခဲ့ခြင်း ရှိမရှိ သံအမတ်ကြီး Marciel အား မေးမြန်းရာတွင် သီးသန့်သံတမန်စကားပြောဆိုမှုဖြစ်ခြင်းကြောင့် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly