အက်ဒရီယာနိုနှင့် ဘက်ကာကို အေစီမီလန် အသင်းတစ်ပြိုင် တည်းခေါ်ယူ

အက်ဒရီယာနိုနှင့် ဘက်ကာကို အေစီမီလန် အသင်းတစ်ပြိုင် တည်းခေါ်ယူ

ဇူလိုင် ၄၊ မီလန်။ ။ အေစီမီလန်အသင်းသည် ဆီဗီလာတိုက်စစ်မှူး ကားလို့စ်ဘက်ကာကိုခေါ်ယူရန်သဘောတူညီမှုရသည့်နေ့မှာပင် ရှက်တာဒိုးနက်တိုက်စစ်မှူး လူးဝစ်အက်ဒရီယာနိုကိုလည်း စာချုပ်နိုင်ခဲ့သည်။

ဘက်ကာ၏ပေါင် ၂၁ သန်းတန်စာချုပ်ဖျက်သိမ်းကြေးမှာ သဘောတူညီမှုရရှိခဲ့ပြီးနောက် ယင်းကိုလံဘီယာတိုက်စစ်မှူးသည် အေစီမီလန်နှင့် ဆေးစစ်မှုခံယူရမည်ဖြစ်သည်။ အေစီမီလန်မှ အဒီရာမီမှာ ဆီဗီလာအသင်းသို့ မဖော်ပြသည့်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားသည်။

ပြီးခဲ့သည့်ရာသီချန်ပီယံလိဂ်တွင်သွင်းယူခဲ့သော ကိုးဂိုးအပါအဝင် ၁၂၉ ဂိုးသွင်းယူထားပြီး ရှက်တာဒိုးနက်၏ဂိုးသွင်းအများဆုံးတိုက်စစ်မှူး အက်ဒရီယာနိုသည် အေစီမီလန်သို့ ပေါင် ၅ ဒသမ ၇ သန်းဖြင့်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်တွင် စီရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့သာ ၁၀ ဂိုးအထက်သွင်းနိုင်ခဲ့ကြသည်။ ဘရာဇီးလက်ရွေးစင်အဖြစ် လေးပွဲကစားခွင့်ရခဲ့သည့် အသက် ၂၈ နှစ်အရွယ်ရှိ အက်ဒရီယာနိုသည် မီဟိုင်လိုဗစ်၏ အေစီမီလန်အသင်းနှင့် ၂၀၂၀ ထိစာချုပ်ခဲ့ခြင်း ဖြစ်သည်။ အေစီမီလန်အသင်းသည် ရိုးမားမှ အီတလီ ကွင်းလယ်လူ ဘာတိုလာချီကိုလည်း ပေါင် ၁၄ သန်းဖြင့် ခေါ်ယူထားသည်။

ပြီးခဲ့သည့်ရာသီက စီးရီးအေတွင် အဆင့် ၁၀ နေရာရခဲ့သော အေစီမီလန်အသင်းသည် လိဂ်ဂိုး ၁၆ ဂိုးသွင်းနိုင်ခဲ့သော မန်နက်ဇ်ကို ဂိုးရရန်မှီခိုခဲ့ ရသည်။

ဆီဗီလာအတွက် ၁၀၈ ပွဲကစား ၄၉ ဂိုးသွင်းခဲ့သော ဘက်ကာသည်ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၂၈ ဂိုးသွင်းခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်အသင်းများ၏ စိတ်ဝင်စားခြင်းခံခဲ့ရသည်။

ဘက်ကာအနေဖြင့် အေစီမီလန်နှင့် ဆေးစစ်မှုအောင်မြင်ပြီးပါက မီလန်တိုက်စစ်တွင် အက်ဒရီယာနို၊အယ်လ်ရှာရာဝီ၊ မာထရီ၊ ဆာဆီ၊ နီယန်တို့နှင့်အတူ တိုက်စစ်နေရာနေရာအတွက် ပြိုင်ဆိုင်ရမည်ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly