မက်ဆီကို ရပ်တန့်နိုင်ရန် PlayStation ဂိမ်းမှ နည်းစနစ်ကို ချီလီအသင်းအသုံးပြုမည်

မက်ဆီကို ရပ်တန့်နိုင်ရန် PlayStation ဂိမ်းမှ နည်းစနစ်ကို ချီလီအသင်းအသုံးပြုမည်

ဆန်တီယာဂို၊ ဇူလိုင် ၄။ ။ ချီလီအသင်းသည် ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်တွင် ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီကို ရပ်တန့်နိုင်ရန်အတွက် PlayStation ဂိမ်းမှ နည်းစနစ်ကို အသုံးပြုရန် စီစဉ်လျက်ရှိသည်။

ချီလီနည်းပြ ဆမ်ပါအိုလီက ' PlayStation ဂိမ်းထဲက နည်းစနစ်ပိုင်းကို အသုံးပြုသွားမှာပါ။ အဲ့ဒီနည်းစနစ်ထဲကအတိုင်း ကစားသမားတွေကို ရွေ့လျားကစားစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ၄-၄-၂ ကစားကွက်ကို အသုံးပြုသွားမှာပါ။ ကျွန်တော်တို့ရဲ့ ပြိုင်ဖက်ကို ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ ဆော့ဖ်ဝဲလ်က ပြသပါလိ့မ်မယ်။ ဒါဆို ကစားသမားတွေကို ဘယ်လိုကစားဆိုတာ ပြောနိုင်ပါတယ်' ဟု ပြောသည်။

ထိုနည်းစနစ်အရ ဆန်းချက်ဇ်သည် ချီလီအသင်း၏ တိုက်စစ်ပိုင်းတွင် အချိန်များစွာ ပိုမိုပါဝင်ကစားရဖွယ်ရှိနေသည်။ နည်းပြဆမ်ပါအိုလီကလည်း ဆန်းချက်ဇ်အနေဖြင့် အမ်းမရိတ်ကွင်းတွင် အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်က နှစ်ဂိုးသွင်းပြီးခြေစွမ်းပြခဲ့သည့်အတိုင်း ခြေစွမ်းပြနိုင်လိ့မ်မည်ဟု ယုံကြည်လျက်ရှိသည်။

ဆန်းချက်ဇ်မှာ ဘာစီလိုနာအသင်းတွင် မက်ဆီနှင့် တွဲဖက်ကစားခဲ့ဖူးသည့်အတွက် မက်ဆီ၏အကြောင်းကို ကောင်းကောင်းသိသူ ဖြစ်ပြီး ဂိုးသမား ဘရာဗိုမှာလည်း ဘာစီလိုနာတွင် တစ်ရာသီကြာ ကစားခဲ့ပြီး ဖြစ်သည့်အတွက် မက်ဆီကို ရပ်တန့်နိုင်မည်ဟု ယုံကြည်နေသည်။

သို့သော် ဘရာဗိုက 'မက်ဆီကို ထိန်းချူပ်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ သူဟာ ဘောလုံးကို အလွန်ကျွမ်းကျင် ပိုင်နိုင်သူဖြစ်လို့ ဘာဆက်လုပ်မယ်ဆိုတာကို မသိနိုင်ပါဘူး။ ကျွန်တော်တို့အသင်းဟာ အသင်းလိုက် စည်းလုံးညီညွတ်တဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မက်ဆီကို လူကပ်ကစားသွားမှာ မဟုတ်ပါဘူး။ အပြည့်အ၀ အာရုံစိုက်ပြီး ကစားမှာပါ။

အာဂျင်တီးနားအသင်းမှာ ထူးချွန်တဲ့ အခြားကစားသမားတွေ အများကြီးရှိနေပါသေးတယ်။ မက်ဆီတစ်ယောက်တည်းကိုပဲ အာရုံစိုက်ကစားလို့ မရပါဘူး။ အာဂျင်တီးနားဟာ ဒီပြိုင်ပွဲမှာ အသင်းလိုက်ကောင်းတဲ့ အသင်းပါ။ ဒါကြောင့် တစ်သင်းလုံးကို အာရုံစိုက်ပြီး သူတို့ကအနိုင်ရဖို့ ကြိုးစားသွားမှာပါ' ဟု ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly