မန္တလေးတိုင်းအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံပြုလုပ်ပေးရန်စီစဉ်

မန္တလေးတိုင်းအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံပြုလုပ်ပေးရန်စီစဉ်

မန္တလေး ၊ မေ ၁၀ ။               ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများကို ရက် ၁၀၀ စီမံချက်ဖြင့် မှတ်ပုံတင်များပြုလုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ချယ်ကပြောသည်။

"ကျွန်တော်တို့ ရွှေ့ပြောင်းလုပ်သားတွေရှိတဲ့ နေရာတွေကို သွားရောက်လုပ်ပေးမယ်။"ဟု ဦးတင်ချယ် ကပြောသည်။

ရွှေ့ပြောင်းလုပ်သားအများစုသည် စက်ရုံ၊အလုပ်ရုံများ၊ဧရာဝတီမြစ် ဂေါဝိန်ဆိပ်ကမ်းတစ်လျှောက်၊ အုတ်ထုတ်လုပ်နေသည့်နေရာတို့တွင် အရှိများပြီး စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များ စသည့်တို့တွင်ရှိနေကြောင်း၊

ရွှေပြောင်းလုပ်သားတွင် သာမန်ရွှေ့ပြောင်းလုပ်သားနှင့် ယာယီရွှေ့ပြောင်းလုပ်သားဟူ၍ နှစ်မျိုးရှိနေကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် သာမန်ရွှေ့ပြောင်းလုပ်သား ၄၂၉၀၇ဦးနှင့်ယာယီရွှေ့ပြောင်းလုပ်သား ၆၇၄၂၀ ဦးရှိကြောင်း မန္တလေးတိုင်းဒေကြီး၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ မှတ်တမ်းများ အရသိရသည်။

ဂေါဝိန်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်သား ကိုမောင်ဝင်း က "ကျွန်တော်တို့ကို မှတ်ပုံတင်လာလုပ်ပေးမယ်ဆိုတော့ ဝမ်းသာမိတယ်။မန္တလေးရောက်တာကြာပြီ ရွာလည်းမပြန်ဖြစ်ဘူး။   ရွေးကောက်ပွဲတုန်းကလည်း မဲမပေးလိုက်ရဘူး။ အခုမှတ်ပုံတင်ရမယ်ဆိုတော့ နိုင်ငံသားဖြစ်ပြီပေါ့ဗျာ။"ဟုပြောသည်။

ရွှေ့ပြောင်းလုပ်သားများအား မှတ်ပုံတင်လာရောက်လုပ်ပေးမည်ကို ဂေါ်ဝိန်ဆိပ်ကမ်းရှိ လုပ်သားများမှာမသိရှိသေးကြောင်း အလုပ်သမားခေါင်း ဦးတင်ဌေး ကဆိုသည်။

"ဒီတော့ ဘာမှလာပြောထားတာမရှိသေးဘူး။"ဟု ဦးတင်ဌေး ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly