မော်ရင်ဟိုကို လက်ရွေးစင်နည်းပြအဖြစ် အင်ဒိုနီးရှားခန့်အပ်လို

မော်ရင်ဟိုကို လက်ရွေးစင်နည်းပြအဖြစ် အင်ဒိုနီးရှားခန့်အပ်လို

မေ ၁၀၊ ဂျကာတာ။            ။ အသင်းလက်မဲ့ဖြစ်နေသော မော်ရင်ဟိုကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ရန်ဖြစ်နိုင်ချေအတွက် အတွင်းကျကျဆွေးနွေးခဲ့ပြီးဖြစ် သည်ဟု အင်ဒိုနီးရှားလူငယ်နှင့် အားကစားဝန်ကြီး နာရာဝီကအတည်ပြုကြောင်း အားကစားဝက်ဘ်ဆိုက်ဂိုးဒေါ့ကွန်းတွင် ဖော်ပြထားသည်။

မော်ရင်ဟိုသည်ကမ္ဘာ့ဘောလုံးလောကတွင် အသင်းများ၏အလိုရှိဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်ပြီး ပေါ်တို၊ အင်တာမီလန်တို့နှင့် ချန်ပီယံလိဂ် ဖလား၊ ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ဖလားသုံးလုံး၊ ရီးယဲလ်မက်ဒရစ်နှင့် လာလီဂါဖလားတစ်လုံးရယူနိုင်ခဲ့သည်။

ပေါ်တူဂီလူမျိုးနည်းပြကို အင်ဒိုနီးရှားသို့ဆွဲဆောင်ရာတွင် လစာကိစ္စကအတားအဆီးဖြစ်နိုင်သည်ဟု နာရာဝီကဝန်ခံခဲ့သော်လည်း ၎င်းအနေဖြင့် ယင်းကိစ္စအပေါ် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့်ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အင်တာမီလန်အသင်းဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားအိုလံပစ်ကော်မတီဥက္ကဋ္ဌ အဲရစ်သိုဟာနှင့်လည်းဆွေးနွေးခဲ့ပြီးပြီဟု ဖြည့်စွက်ပြောသည်။

"မလွယ်ကူဘူးဆိုသည့်တိုင်အောင် ဒီအစီအစဉ်ကို သမ္မတ ဂျိုကိုဝီဒိုဒို၊ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အဲရစ်သိုဟာတို့နဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ မော်ရင်ဟိုရဲ့လစာဘယ်လောက်ရှိလဲလို့ အဲရစ်သိုဟာကိုမေးကြည့်တော့ တစ်နှစ်ကို ရူပီး ၂၅၀ ဘီလီယံ (ပေါင် ၁၃ သန်း) ရှိတယ်လို့ သိရပါ တယ်။

မော်ရင်ဟိုရောက်လာရင် အနည်းဆုံးတော့ အင်ဒိုနီးရှားဘောလုံးပရိသတ်တွေ စိတ်အားတက်ကြွလာပါလိမ့်မယ်။ အဲဒီဟာကို ကစားသမား တွေ စိတ်ဓါတ်မြှင့်တင်ဖို့ ကျွန်တော်တို့လိုအပ်ပါတယ်။

ကျွန်တော်တို့နိုင်ငံလက်ရွေးစင်အသင်းနည်းပြက နိုင်ငံခြားသားဖြစ်ရမှာဖြစ်ပြီး ပြည်တွင်းနည်းပြတွေက သူ့လက်ထောက်အဖြစ်ဆောင်ရွက် ရပါလိမ့်မယ်"ဟု နာရာဝီက ပြောသည်။

ချယ်လ်ဆီးကာလတိုနည်းပြ ဟစ်ဒင့်ကိုလည်း နိုင်ငံတကာဘောလုံးအတွေ့ကြုံပိုကောင်းသောကြောင့် ကမ်းလှမ်းသင့်ကြောင်း အဲရစ်သိုဟာက အကြံပေးခဲ့သည်ဟု နာရာဝီက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly