ဖေ့စ်ဘွတ်ထဲမှာ ရိုင်းပျစွာ ဝင်ရေးတဲ့သူတွေက ဘယ်လို လူစားမျိုးပါလဲ

ဖေ့စ်ဘွတ်ထဲမှာ ရိုင်းပျစွာ ဝင်ရေးတဲ့သူတွေက ဘယ်လို လူစားမျိုးပါလဲ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်မှာ နေတဲ့ ဒေါ်ခင်မြတ်သူက မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သူဟာ အငြိမ်းစား ဆရာမတစ်ဦး ဖြစ်ပြီး အရင်က ရိုးရိုးဖုန်းကို သုံးစွဲခဲ့လို့ လွန်ခဲ့တဲ့ ၂ လခန့်ကမှ တူဖြစ်သူ ကန်တော့တဲ့ Touch Screen(တာ့ခ်ျ စခရင်) ဖုန်းကိုရတော့မှ အင်တာနက်ကနေ ဖေ့စ်ဘွတ်ကို သုံးတတ်လာသူ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ အသုံးပြုစမှာ ဖြစ်ပေါ်တဲ့ ခံစားချက်နဲ့ သုံးရင်းနဲ့ သိလာတဲ့ အဖြစ်အပျက်တွေကို တခြားသူတွေ ကို ဝေမျှချင်တာကြောင့် ဒီစာကို ရေးဖြစ်ခဲ့ တာပါလို့ ပြောပါတယ်။

အင်တာနက်နဲ့ ဖေ့စ်ဘွတ်ကို သုံးစွဲစမှာတော့ မြန်မာတစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးက ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ ချက်ချင်းသိခွင့်ရလို့ သဘောကျ ကျေနပ်မိခဲ့ပါတယ်။ ပင်စင်ယူပြီးစ အားလပ်နေတဲ့ အချိန်မှာ သုံးရတာ ကလေးတစ်ယောက် ဂိမ်းကစားနည်း စွဲနေသလိုမျိုး ခံစားခဲ့ရပေမဲ့ ကြာလာတဲ့ အခါမှာ ဖေ့စ်ဘွတ်ဖွင့်ရမှာကို ကြောက်လာ တယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ ပြောရရင် တော့ ဖေ့စ်ဘွတ်မှာ တွေ့ရတဲ့ပုံတွေနဲ့ ရေးသားထားတဲ့ အရေးအသားတွေကြောင့် ကြောက်စိတ်ဝင်လာမိတာ ဖြစ်တယ်လို့ ရေးပါတယ်။

သူအနေနဲ့ မြန်မာနိုင်ငံရဲ့ ခေတ်အပြောင်းအလဲမျိုးစုံကို ဖြတ်သန်းတဲ့အခါ ဖခင်ဖြစ်သူက သတင်းစာ ဆရာ တစ်ဦးဖြစ်တဲ့အပြင် မိခင်ဖြစ်သူကလည်း အုပ်ချုပ်ရေးဌာန တစ်ခုမှာ လုပ်ကိုင်ခဲ့တဲ့အတွက် သမိုင်းကြောင်း အမှန် တွေကို အတော်များများ သိထား ခဲ့ပါတယ်။

အခု ဖေ့စ်ဘွတ်မှာ ဖတ်ရတဲ့ အကြောင်းအရာတွေက တကယ့်အဖြစ် အပျက်တွေနဲ့ ကွဲလွဲမှုရှိနေတာကို တွေ့ရတဲ့အတွက် မသိ နားမလည်သူတွေ စိတ်ထဲမှာ တကယ်လို့ ထင်သွားကြ မှာကို ကြောက်တာလို့ ပြောပါတယ်။ ပြီးတော့လည်း တချို့လူတွေက လူမျိုးရေး ဘာသာရေး ပြဿနာဖြစ်စေတဲ့ အရေးအသားမျိုးတွေကို တကယ်မရှိဘဲ၊ မဖြစ်ဘဲနဲ့ အကောင့်အတုတွေနဲ့ ရေးပြီး တင်နေ ကြတယ်။ ဒါကိုဖတ်မိတဲ့ သူတွေအနေနဲ့ တကယ်ထင်ပြီး မခံချင်စိတ်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်လာရင် မလိုလားအပ်ဘဲ ပြဿနာတွေ ကြီး ထွားလာမှာကို တွေးပြီး ကြောက်မိတာပါလို့ ဆိုပါတယ်။

လူတစ်ဦး တစ်ယောက် ဂုဏ်သိက္ခာကျအောင် ရေးတင်ကြပြီး ကိုယ်ထင်သလို ရေးနေကြတာကတော့ မလုပ်သင့်တဲ့အပြင် ရိုင်းပျ တဲ့အရေးအသားတွေ ဖတ်လို့ မသင့်တဲ့ ဆဲရေးတိုင်းထွာပြီး ရေးကြတာတွေကလည်း ရေးတဲ့သူဟာ ဘယ်လို အဆင့်အတန်း ရှိ တယ်ဆိုတာ ဖော်ပြနေပါတယ်။ ကိုယ့်စိတ်ထဲမှာ မတွေ့တိုင်း ကိုယ်နဲ့ အဆင်မပြေတိုင်း သူတစ်ပါး ထိခိုက်နစ်နာအောင် အင်တာနက်ပေါ် ရေးတင်နေကြတဲ့သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ ဥပဒေ မြန်မာနိုင်ငံမှာ အမြန်ဆုံး ပြဋ္ဌာန်းဖို့ လိုနေပြီလို့ ပြောပါတယ်။

အဆိုးဆုံးကတော့ နိုင်ငံခေါင်းဆောင်နဲ့ အုပ်ချုပ်သူတွေကို ရိုင်းပျတဲ့ စာသားတွေနဲ့ ရေးတင်တာ ကြည့်မကောင်းအောင် ရုပ်ပျက် ဆင်းပျက် ပုံစံလုပ်ပြီး တင်ကြတာတွေကတော့ မလုပ်သင့်ပါဘူး။ သူလည်း အချို့ကိစ္စ အတော်များများမှာ အစိုးရ ကို သဘောမ ကျပေမယ့် ဒီလိုမျိုး ရေးတာ ပုံတင်တာကို ဖတ်ပြီး အရေးခံ အတင်ခံရတဲ့သူကို အားနာမိသလို ခံစား ရတာကြောင့် ဒီလိုမျိုးတွေ ဖတ်ရတာကိုလည်း ကြောက်လာမိတယ်လို့ ရေးပါတယ်။

တကယ်တော့ နည်းပညာတွေ တိုးတက်လာတာက လူသားတွေအတွက် ကမ္ဘာကြီးကို ကိုယ့်နိုင်ငံ ကိုယ့် ဒေသကို ဖွံ့ဖြိုးတိုး တက်အောင် ပြုလုပ်ဖို့သာ ဖြစ်သင့်ပါတယ်။ လူဆိုတာ မိမိအရည်အချင်းကို မိမိ အသိဆုံး ဖြစ် ပါတယ်။ ကိုယ့်မှာ အရည်အချင်း ရှိတယ် ထင်လို့ သတ္တိရှိခဲ့ရင် နည်းလမ်းတကျနဲ့ အရွေးချယ်ခံပြီး ခေါင်းဆောင်လုပ်ပါ။ နိုင်ငံရေး စိတ်ဝင်စားရင် ပါတီထောင် ပြီး ဟောပြောပါ။

စာရေးချင်ရင် စာရေးဆရာလုပ်ပါ။ ဘာမှလည်း မဟုတ် ဘဲနဲ့ သက်သက်မဲ့ သူများ စိတ်အနှောက်အယှက်ဖြစ်အောင် ဆရာကြီး လုပ်ပြီး ဝင်ရေးနေကြတာ ရိုင်းစိုင်းနေကြ တာတွေကို ထိရောက်တဲ့ ဥပဒေ ပြဋ္ဌာန်းပေးဖို့အတွက် အင်တာနက်ကို အကျိုးရှိရှိ အသုံးချလိုသူ တစ်ဦး အနေနဲ့ မဇ္ဈိမ စာဖတ်သူ ကဏ္ဍမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများကို တောင်းဆိုချင်လို့ရေး လိုက်တာပါလို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly