ဧည့်စာရင်း တိုင်ပြီးမှ သွားလာနေထိုင်နေကြရတဲ့ ပြည်သူတွေ ပျော်ရွှင်နိုင်ကြပါစေ

ဧည့်စာရင်း တိုင်ပြီးမှ သွားလာနေထိုင်နေကြရတဲ့ ပြည်သူတွေ ပျော်ရွှင်နိုင်ကြပါစေ

မနေ့ မေလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်မှာ ပြည်သူတွေ စိတ်ဝင်စားမှာသေချာတဲ့ အဆိုတစ်ခုကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ က လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက တင်သွင်းလိုက်ပါတယ်။ အဲဒီအဆိုကတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်မယ့် ဥပဒေကြမ်းကို လွှတ်တော်ကို တင်သွင်းလိုက်တဲ့ အဆိုဖြစ်ပါတယ်။

မဇ္ဈိမအနေနဲ့ ဒီအဆိုကို အပြည့်အဝထောက်ခံကြောင်း ဦးစွာပထမ ပြောလိုပါတယ်။

အားလုံးသိကြသည့်အတိုင်း အဲဒီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေဆိုတာကြီး ဟာ ပြည်သူတွေရဲ့နောက်ကြောကို ဓါးနဲ့ထောက်ထားသလိုဖြစ်နေတဲ့ ဥပဒေကြီးဖြစ်တယ်လို့   ပြည်သူ တွေ ခံစားနေရတာ ကြာပါပြီ။ ပြီးတော့ ဒီဥပဒေကြီးက ပြည်သူတွေကို တင်းကြပ်တဲ့လှောင်အိမ်ထဲ တရားဝင်ထည့်ထားတဲ့ သံကွန်ခြာလှောင်အိမ် တစ်မျိုးသာဖြစ်တယ်လို့လည်း နာမည်ပျက်နေတာ ကြာပါပြီ။

ဒီဥပဒေ ဘာပြုလို့ပေါ်ပေါက်လာရသလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုရဲ့ သုံးပုံနှစ်ပုံလောက် မတရားဖိနှိပ်အုပ်စိုးခဲ့တဲ့စစ်အာဏာရှင်တွေဟာ ပြည်သူတွေကို မယုံကြည်နိုင်ခဲ့ကြပါဘူး။ ဖိနှိပ်ရက်စက်မှုတွေ၊ မတရားမှုတွေနဲ့ အာဏာရလာ၊ အာဏာထိန်းသိမ်းလာရတဲ့ စစ်အာဏာရှင်တွေဟာ သူတို့ကို ပြည်သူတွေက မလိုလားဘူးဆိုတာ သိပါတယ်။ ဒီတော့ ပြည်သူတွေကို တစ်ယောက်ချင်းစီကအစ ဘယ်မှာနေတယ်၊ ဘယ်ကိုသွားတယ်၊ ဘယ်လောက်ကြာမယ်၊ ဘယ်သူနဲ့ ဆက်သွယ်တယ် အစရှိတဲ့ သတင်းအချက်အလက်တွေနဲ့   စောင့်ကြည့် နေနိုင်ဖို့လိုအပ်လာပါတယ်။ အဲဒီ အခြေခံသဘောထားအပေါ်မူတည်ပြီးမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြီး ပေါ်လာပေါက်လာရတာဖြစ်ပါတယ်။ အဲဒီ ဥပဒေ ထဲမှာ ပြည်သူတွေ စိတ်အပျက်ဆုံး ဥပဒေကတော့ ရပ်ကျေးဥပဒေ ၁၃/ဆပါ ဧည့်စာရင်းတိုင်ကြား ခြင်းဆိုင်ရာ ပုဒ်မများပဲဖြစ်ပါတယ်။

ဒီဥပဒေပုဒ်မကြောင့် နိုင်ငံတော်ရဲ့ အောက်ခြေ အုပ်ချုပ်ရေးတာဝန်ရှိသူများဟာ ကိုယ့်သက် ဆိုင်ရာ ဒေသနယ်ပယ်အတွင်း ပြည်သူတွေအပေါ် အချိန်ပြည့်လိုလို မသင်္ကာဖြစ်လာတတ်ကြပြီး အဲဒီ ဥပဒေပုဒ်မကိုအသုံးပြုပြီး ဖိနှိပ်ချုပ်ချယ်နှောက်ယှက်ရေးအလုပ်တွေကို တရားဝင်လုပ်ခွင့်ရလာခဲ့ကြပါ တယ်။ ပြီးတော့ အဂတိလိုက်စားလာကြပါတယ်။ အဲဒီပုဒ်မတွေအပေါ်မူတည်ပြီး ရံပုံငွေနဲ့ လာဘ်လာ ဘတွေ ယူခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ လိုတမျိုး မလိုတမျိုး အာဏာပိုင်များရဲ့လက်ချက်နဲ့ ပြည်သူတွေဟာ ဒဏ်ငွေအရိုက်ခံရ၊ တရားရုံးတက်ရ၊ ထောင်ကျခံရတဲ့အထိ ရှိခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းမီဒီယာတစ်ခုက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးကို မေးမြန်း တဲ့အခါ တကယ်လို့သာ ဒီပြင်ဆင်တဲ့ဥပဒေသာအတည်ဖြစ်သွားရင် လူဆိုးသူခိုးတွေ ရပ်ကွက်ထဲ ခိုအောင်းနေရင် ဘယ်လိုလုပ်သိနိုင်မှာလည်း လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တာပေါ့လို့ ဖြေဆိုတာလည်း ကြားလိုက်ရပါသေးတယ်။

ကျနော်တို့ရဲ့အိမ်နီးနားချင်းတိုင်းပြည်တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဧည့်စာရင်းတိုင်ရတဲ့ဥပဒေ မရှိပါဘူး။ ဒါပေမယ့်လည်း နှစ်ပေါင်းငါးဆယ်လောက် ဒီဥပဒေနဲ့နေလာခဲ့တဲ့ ကျနော်တို့တိုင်းပြည်ထက် ဥပဒေစိုးမိုးမှု သာပါတယ်။ ဒီလိုပါပဲ ဟိုး ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ နော်ဝေနိုင်ငံမှာလည်း ဧည့်စာရင်း တိုင်ရတဲ့ ဥပဒေမရှိပါဘူး။ နော်ဝေနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံအေးချမ်းမှုကတော့ အားလုံးသိ ကြတဲ့အတိုင်း ကမ္ဘာမှာ ထိပ်တန်းကောင်းမွန်တဲ့ နိုင်ငံပါပဲ။

နှိုင်းယှဉ်စဉ်းစားဖို့က တချိန်တုန်းက ဗီယက်နမ်နိုင်ငံမှာ လူမျိုးခြားတွေ ကျူးကျော်ခံနေရချိန်နဲ့ ဖေါက်ပြန်တဲ့ အမျိုးသားသစ္စာဖေါက်အစိုးရတွေ အုပ်စိုးနေစဉ်ကာလတုန်းကဆိုရင် ကျနော်တို့တိုင်း ပြည်က ဆယ်အိမ်တစ်စုလိုတောင်မဟုတ်ဘဲ ငါးအိမ်တစ်စု လူကြီးခန့်ပြီး ပြည်သူတွေကို စောင့်ကြည့် ထိန်းချုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲဒီစနစ်ဟာ နောက်ပိုင်းမှာ ပျက်သွားရတာပါပဲ။ ဗီယက်နမ်တိုင်းပြည်လည်း စုတ်ပြတ်သတ်သွားလောက်အောင် ဖြစ်ခဲ့ဖူးတာပါပဲ။

တကယ်တော့ တိုင်းပြည်တစ်ခုမှာ ဥပဒေစိုးမိုးမှုအားနည်းတာ၊ လုံခြုံစိတ်ချရမှုမရှိတဲ့ အခြေအ နေဟာ ပြည်သူတွေကြောင့်ဖြစ်တာမဟုတ်ပါဘူး။ အာဏာပိုင် အာဏာရှိသူများကိုယ်တိုင်ကစပြီး လျှော့ရဲလို့ တာဝန်မဲ့လို့ ဖေါက်ပြန်လို့ဖြစ်လာရခြင်းဖြစ်ပါတယ်။ အဲဒီလျှော့ရဲ တာဝန်မဲ့ ဖေါက်ပြန်တဲ့ တာဝန်ရှိသူများမှာသာ တာဝန်အဓိကဖြစ်ပါတယ်။ သူတို့အပေါ် အဓိကမူတည်ပြီးမှသာ တရားဥပဒေ စိုးမှုနဲ့ လုံခြုံစိတ်ချရမှုတွေ ပျက်ပြားလာကြရတာဖြစ်ပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေအပေါ် ဖိနှိပ်ကွပ်ညှပ်ချုပ်ချယ်ထားသလိုဖြစ်နေတဲ့ အဲဒီ ရပ်ကျေးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို  တတိယအကြိမ်ပြင်ဆင်ဖို့တင်သွင်းတဲ့ ဥပဒေကြမ်းအဆိုကို အပြည့်အဝထောက်ခံကြောင်းနဲ့ နှစ်ပေါင်းမြောက်များစွာ ဧည့်စာရင်းတိုင်ပြီးမှ သွားလာနေထိုင်နေ ကြရတဲ့ တနည်းအားဖြင့် ကိုယ့်နိုင်ငံအတွင်းမှာပင်လျင် အကျဉ်းကျသလို ခံစားနေခဲ့ကြရတဲ့ မိဘပြည် သူများ မကြာခင် လွတ်မြောက်ပါစေကြောင်း မဇ္ဈိမက ဆုတောင်းပေးလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly