ပြည်သူ့ရဲများနဲ့ ပြည်သူတို့ရဲ့ အားကိုးယုံကြည်မှု

ပြည်သူ့ရဲများနဲ့ ပြည်သူတို့ရဲ့ အားကိုးယုံကြည်မှု

ကမ္ဘာ့နိုင်ငံတိုင်းမှာ တပ်မတော်တို့ ရဲတို့ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းထား ရှိကြရစမြဲပါ။ တပ်မတော်ကတော့ တိုင်းပြည်ကာကွယ်ရေး၊ ရဲကတော့ တရားဥပဒေ စိုးမိုးရေး အဓိက တာဝန်များကို ထမ်း ဆောင်ကြရပါတယ်။

အလုပ်မတူကြသော်ငြားလည်း ပြည်သူတွေရဲ့ ယုံကြည် အားထားမှု ခံယူရရှိထားဖို့ လိုအပ် တယ်ဆိုတဲ့ အချက်ကတော့ အတူတူ ပါပဲ။ အဲဒီအဖွဲ့အစည်း နှစ်ခုစလုံးဟာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု မလွဲမသွေ ရယူနိုင်ကြရမယ့် အဖွဲ့တွေချည်းပါပဲ။

ဒီနေရာမှာ ပြည်သူ့ရဲများနဲ့ ပတ်သက်ပြီး အခုတလော ကြားလာကြရပြန်တဲ့ သတင်းတချို့ဟာ ပြည်သူ့ ရဲများအပေါ် ပြည်သူတို့က အားကိုးယုံကြည်မှု ထိခိုက်စေနိုင်တဲ့ သတင်းတွေ ဖြစ်နေပြန်တာ တွေ့ရကြားရ ပြန် ပါတယ်။

အင်တာနက် လူမှုကွန်ရက် စာမျက်နှာတစ်ခုမှာဆိုရင် လူလေးယောက် စီးလာတဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို ပြည်သူ့ ရဲများ က ကားနဲ့ လိုက်ဖမ်းရင်းက ဆိုင်ကယ်ကို ကားနဲ့ တိုက်ဖမ်းဖို့ လုပ်ရင်း ဆိုင်ကယ်စီးလာသူ တချို့ ဆိုင်ကယ်မှောက်ပြီး သေဆုံးကြ ရတဲ့ ကိစ္စမှာ တာဝန်ရှိတဲ့ ရဲတွေက သည်အတိုင်း ပစ်ထားခဲ့ပြီး ကိုယ်လွတ် ရုန်းသွားကြတဲ့ အကြောင်းနဲ့ စစ်ဆေးဖို့ ရောက်လာ တဲ့ရဲကို တာဝန်သိ မျက်မြင်သက်သေပြည်သူတစ်ဦးက အကျိုးအကြောင်း ရှင်းပြတဲ့အခါ မသိသလိုလုပ်ပြီး ရှင်းပြချက်ကို လက်မခံ ခဲ့တဲ့အကြောင်း ရေးတင်ထားတာကို လူအတော်များများက ဓာတ်ပုံနဲ့တကွ ဖတ်ကြရပါတယ်။

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သည်လို စွပ်စွဲခံ ရတဲ့ ကိစ္စအပေါ် သက်ဆိုင်ရာက မှန်တယ် မမှန်ဘူးဆိုတာ တုန့်ပြန်ရှင်း လင်းတာမျိုးလည်း မကြားရ၊ အရေးယူ ဆောင်ရွက်တာမျိုးလည်း ယခုထက်ထိ မကြားရသေးပါဘူး။

မနေ့တနေ့ကပဲ ရန်ကုန်မြို့လယ်ခေါင် လူစည်ကားရာ နေရာမှာ အမျိုးသမီးတစ်ဦးကို အရပ်ဝတ် အရပ်စား ဝတ်ဆင်ထားတဲ့ ပြည် သူ့ရဲ သုံးလေးဦးက အတင်းအဓမ္မ ဖမ်းချုပ်ဆွဲခေါ် သွားကြလို့ အများပြည်သူတွေ ထိတ်လန့် လတကြား ဖြစ်ခဲ့ကြရပါသေးတယ်။

သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူက ဒီကိစ္စကို ရှင်းပြရာမှာပြည့်တန်ဆာ အမျိုးသမီးကိုတိုင်ကြားသူရှိလို့ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ဝန်ခံပေမယ့် တာဝန်ရှိ ရဲဝတ်စုံနဲ့ မဖမ်းဘဲ အရပ်ဝတ် တွေနဲ့ ဖမ်းဆီးကြတာဖြစ်လို့ တခြားမသမာသူ တချို့ကလည်း အခုလိုပဲ ရဲဟန်ဆောင်ပြီး ပြစ်မှုတွေ ကျူးလွန်လာ နိုင်တယ်ဆိုပြီး စိုးရိမ်သူ ဝေဖန်သူတွေကလည်း ရှိလာပါတယ်။

နောက်တစ်ခါ မန္တလေး ကျောင်းသားတစ်ဦး အဖမ်းခံရတဲ့ ကိစ္စ၊ ရန်ကုန်မြို့ပေါ်က ကျောင်းသားတစ်ဦး အဖမ်းခံရတဲ့ ကိစ္စမှာ လည်းပဲ ပြည်သူ့ရဲများဟာ အရပ်ဝတ်တွေနဲ့ ချည်းပဲ လာရောက် ဖမ်းဆီးသွားခဲ့ကြတာ တွေ့ရ ပါတယ်။

အမှန်တကယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်လူကြီး တစ်ဦးဦး၊ အရပ်သားတစ်ဦး အပါအဝင်အပြင် ရဲများအနေနဲ့လည်း ရဲဝတ်စုံများနဲ့သာ ဖမ်းဆီးသင့်တယ် လို့ အများပြည်သူက ယူဆကြပါတယ်။ တကယ်တော့ မိမိတို့ နိုင်ငံမှာ ရဲများအနေနဲ့ မသင်္ကာသူများကို ဖမ်းဆီးတဲ့အခါ ရဲဝတ်စုံ မပါဘဲ ဖမ်းဆီးတဲ့ အပြုအမူဟာ ထုံးစံတစ်ခုလို ဖြစ်နေတာ အဆန်းတကြယ် မဟုတ်တော့တာ ကြာပါပြီ။

တကယ်တော့ ပြည်သူ့ရဲများဟာ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ကြရာမှာ ဥပဒေနဲ့ ညီအောင် ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဥပဒေကို အကာအကွယ် ပြုကြရမယ့်သူများ က ဥပဒေကို မလေးစား ခဲ့သည်ရှိသော်၊ သို့တည်း မဟုတ် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း မပြုခဲ့သည်ရှိသော် ပထမဆုံး ကြုံတွေ့ရ မယ့် အချက်က ပြည်သူများအနေ နဲ့ ပြည်သူ့ရဲများကို ယုံကြည် ကိုးစားမှု ထိခိုက်တော့မယ့် အချက်ဖြစ်ပါတယ်။

ပြည်သူ့ရဲများရဲ့ အဓိက ဆောင်ပုဒ်က ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ ပြည်သူတွေ ကို တရား ဥပဒေ အောက်မှာ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့ ပြည်သူ့ရဲများက ကူညီဖြည့်ဆည်းပေး ကြရမှာ ဖြစ်ပါတယ်။ ပြည်သူတို့ လုံခြုံအေးချမ်း ဘေးကင်း စွာ လုပ်ကိုင် စားသောက်နေထိုင်နိုင်ဖို့ ပြည်သူ့ရဲများက အတတ်နိုင်ဆုံး ကာကွယ်ကူညီကြရမှာ ဖြစ်ပါတယ်။

သည်လို ဆောင်ပုဒ်၊ သည်လို တာဝန်များကို ပွန်းပဲ့စေမယ့် မည်သည့် အပြုအမူများကိုမျှ ပြည်သူ့ရဲများက မပြုလုပ်မိဖို့ အရေးကြီး လှပါတယ်။ ပြည်သူတို့ရဲ့ယုံကြည်ကိုးစားမှု သည့်ထက်ပိုမိုရရှိအောင် ပြည်သူ့ရဲများ ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တင်ပြလိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly