ရတနာပုံ မြို့တည်နန်းတည် မန္တလာမြေသို့ အလည်တစ်ခေါက်

07 May 2016
ရတနာပုံ မြို့တည်နန်းတည် မန္တလာမြေသို့ အလည်တစ်ခေါက်

မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်ကစလို့ မြန်မာဘုရင်တို့ နောက်ဆုံးတည်ဆောက် နန်းစံခဲ့ကြတဲ့ ရတနာပုံ မန္တလေးမြို့တော်ကြီးဟာကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတြားကြီးလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ နန်းမြို့တော်ကြီးဖြစ်ပါတယ်။

ရတနာပုံမန္တလေးမြို့တော်ဟာစတင်တည်ထောင်ချိန်ကစလို့ မြန်မာဘုရင်တွေ နှစ်ပေါင်း ၃၀ နီးပါးနန်းစံခဲ့တဲ့မြို့တော်ကြီးဖြစ်ခဲ့ပါတယ်။ ခရစ်နှစ် ၁၈၈၅ ခုနှစ် သီပေါဘုရင် ပါတော်မူပြီးအင်္ဂလိပ်လက်အောက်ကျရောက်ပြီးချိန်ကစလို့ နောက်ဆုံးဘုရင့် မင်းနေပြည်တော်ကြီးအဖြစ် ကျန်ရှိနေခဲ့သလို မြန်မာမှု အနုပညာအရပ်ရပ် စုဝေးရာ ဒေသတခုလည်း ဖြစ်ပါတယ်။

မြန်မာ့ယဉ်ကျေးမှုမြို့တော်လို့တောင် တင်စားခဲ့ကြပြီးဖြစ်တဲ့ ရတနာပုံ မန္တလေးမြို့တော်မှာတော့ ရှေးဘုရင် ခေတ်အဆက်ဆက်ရဲ့ အမွေအနှစ်လက်ကျန် ဗိသုကာလက်ရာတွေ၊ ယဉ်ကျေးမှု အနုပညာပန်းပညာရပ်တွေ စုဝေးနေရာ ဌာနတခုလည်း ဖြစ်ပါတယ်။

မန္တလေးမြို့မှာဒီကနေ့ကာလအထိထင်ရှားကျော်ကြားနေတဲ့ အရာတွေထဲမှာမဟာမုနိရုပ်ရှင်တော်မြတ်ကြီးလည်း အပါအဝင် ဖြစ်ပါတယ်။

မဟာမုနိဘုရားကြီးဟာဂေါတမဗုဒ္ဓဘုရားလက်ထက် စန္ဒသူရိယဘုရင်မင်းမြတ် ရခိုင်ပြည်ကိုအုပ်ချုပ်စဉ်အခါကဘုရားရှင်ရဲ့ ရင်ငွေ့တော်ထည့်သွင်းထားတယ်လို့ ရှေးအစဉ်အလာယုံကြည်မှု ရှိခဲ့ကြတဲ့ ရုပ်ပွားတော်ကြီးလည်းဖြစ်ပါတယ်။

ဒီဗုဒ္ဓရုပ်ပွားတော်ကြီးဟာရခိုင်မင်းအဆက်ဆက် ယုံကြည်ကိုးကွယ်လာပြီးတဲ့နောက်မှာတော့ အမရပူရမြို့တည် ဘိုးတော်မင်းတရားကြီးလက်ထက်၊ရခိုင်ကိုစစ်အောင်ပြီးပင့်ဆောင်လာခဲ့တဲ့ ရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။

ဒီနေ့အချိန်မှာတော့ ဗုဒ္ဓဘာသာဝင်တွေသာမက အခြားသောယုံကြည်ကိုးကွယ်သူတွေပါ လာရောက်လေ့လာနေကြတဲ့ ရုပ်ပွားတော်ကြီးဖြစ်ပါတယ်။

ဂေါတမဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါကရင်ငွေ့တော်သွင်းကိုယ်ပွားဖန်တီးခဲ့တယ်လို့ သက်ဝင်ယုံကြည်ကြတဲ့အတိုင်းမဟာမုနိရုပ်ရှင်တော်မြတ်ရယ်လို့ ဘွဲ့ထူးတပ်ပြီးကိုးကွယ်နေခဲ့ကြတာဖြစ်ပါတယ်။

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာရတနာပုံ မန္တလေးမြို့တော် မတည်ခင် မြန်မာသက္ကရာဇတ် ၁၁၄၆ ခုနှစ်၊ ဘိုးတော် ဗဒုံမင်းတရားကြီးရဲ့ သားတော်အိမ်ရှေ့မင်းကနေရခိုင်ပြည် ဓညဝတီမြို့ကနေ ပင့်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဘိုးတော်မင်းတရားကြီးဟာအမရပူရမြို့ မြောက်ဘက် ၄ မိုင်လောက်အကွာမှာရွှေပြသဒ်တော်သွင်းလို့ ကိုးကွယ်ထားရှိခဲ့ပါတယ်။

ဒီနေ့အချိန်မှာတော့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာ ရွှေရောင်ဝင်းတဲ့ ကန္ဓကုဋိတိုက်အတွင်းမှာ ကိန်းဝပ်စံပါယ်တော်မူရင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့   ရှေးဟောင်းမင်းနေပြည်တော်ကြီးအဖြစ် ထင်ရှားလို့ နေပါပြီ။

မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်မှာမီးလောင်ကျွမ်းခဲ့တာကြောင့် မဟာမုနိရုပ်ရှင်တော်မြတ် ကိန်းဝပ်တော်မူရာ တန်ဆောင်းပြဿဒ်ကြီးနဲ့ စောင်းတန်းတွေဟာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့်လည်း ၁၂၆၀ ခုနှစ်အရောက်မှာတော့ အုတ်၊ အင်္ဂတေတွေနဲ့ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။

သီပေါမင်းလက်ထက်ကတည်းက ပြုပြင်တည်ဆောက်ခဲ့တဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကျောင်းဆောင်ကြီးဟာ ကြီးမားတုတ်ခိုင်တဲ့ လေးဒေါင့်ပုံအုတ်တိုင်ကြီးတွေနဲ့ ဒီနေ့အချိန်ထိခန့်ညားထယ်ဝါစွာ ရှိနေပါတော့တယ်။

မြန်မာ့ရှေးခေတ်လက်ရာတွေမှာ ခြယ်သလေ့ရှိတဲ့ ရွှေရောင်တွေ၊ ဟင်းဿပြဒါးအညိုအရောင်တွေနဲ့ တချိန်က ထည်ဝါခဲ့တဲ့ ကန္ဓကုဋိတိုက်ကြီးဟာအခုတော့ ခေတ်အပြောင်းအလဲတွေအောက်မှာ   ရှေးမူလက်ရာတွေကလည်း ပြောင်းလည်းလို့ လာပါပြီ။

ကျောင်းတော်ကြီးရဲ့တိုင်တွေကိုခရစ်နှစ် ၁၉၉၅ ခုနှစ်ကတည်းကနီညိုရောင် ကြွေပြားတွေနဲ့ အစားထိုးပြုပြင်ခဲ့ကြပြီးအခုတဖန် အဖြူရောင် ကျောက်စိမ်းပြားတွေနဲ့ ထပ်မံအစားထိုးဖို့ စတင်နေပြီဖြစ်ပါတယ်။

ဟင်ဿပြဒါးဆေးသားအရောင်တွေကတော့ ပျောက်ကွယ် သွားခဲ့တာ ကြာခဲ့ပါပြီ။

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ကိန်းဝပ်တော်မူရာ ကန္ဓကုဋိတိုက်တော်အတွင်းမှာတော့ ၁၂၆၅ ခုနှစ်ကတည်းကဦးဘိုးကြီးလှူဒါန်းခဲ့တဲ့ ဖလ်ပွတ်လုံးတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

ကျမထူးထူးခြားခြားတွေ့ခဲ့တာလည်းရှိပါတယ်။ အနောက်ဘက်စောင်းတန်းလူသွားလမ်းတနေရာမှာဖြစ်ပါတယ်။

အနောက်စမြင် နေရာဟာရှေးအစဉ်အဆက်ကတည်းကရွှေချခြင်း လုံးဝမရှိပဲ ကတိအတိုင်းကျန်ရှိနေသေးတဲ့ ထူးခြားတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ကွက်ပြီးဘာကြောင့် ရွှေမချခဲ့ကြသလဲ ဆိုတာတော့ ကျမမသိခဲ့ရပါဘူး။

မြန်မာ့ ရှေးဟောင်းနံရံဆေးရေးပန်းချီကိုခံစားလိုသူတွေအတွက်ဆိုရင်တော့ တောင်ဘက်စောင်းတန်းနေရာမှာသွားကြည့်ဖို့လည်းလိုပါလိမ့်မယ်။

ရှေးအခါကရှိခဲ့တဲ့ စောင်းတန်းတွေအတွင်းကမြန်မာမှုလက်ရာရောင်းဝယ်မှုပုံစံတချို့ပြောင်းလဲသွားခဲ့ပြီဖြစ်ပေမယ့် ပုဏ္ဏားတော် (ပုန်ဏတော်) တွေရဲ့ ဗေဒင်ဟောခန်းတွေကတော့   ရှေးမူမပျက် တွေ့နေရဆဲဖြစ်ပါတယ်။

မဟာမုနိဘုရားကြီးရဲ့ တောင်ဘက် အာန္ဒာဘုရားနဲ့ ကူးတဲ့စောင်းတန်းတွင်းမှာတော့ မြန်မာမှုလက်ရာနိဗ္ဗာန်ကုန် ပြုလုပ်ရောင်းချတဲ့နေရာကိုတွေ့နိုင်မှာဖြစ်ပါတယ်။

အနုစိပ် ပုံဖော်ထားတဲ့ ပန်းကနုပ်လက်ရာတွေ မှန်စီရွှေချ ဗုဒ္ဓရုပ်ပွားတော်ပုံတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

ဘုရားဖူးလာကြသူတွေတိုင်းသွားရောက်လေ့ရှိတဲ့ နေရာတခုကလည်းသမိုင်းမှတ်တမ်းမှာအရေးပါသလို့ ယုံကြည်ရာဓလေ့တခုအဖြစ်လည်းရှိနေပြန်ပါတယ်။

ရှေးခေတ် ရခိုင်ပြည် ဓညဝတီမြို့ကနေရုပ်ပွားတော်ကြီးနဲ့အတူသယ်ဆောင်လာခဲ့တဲ့ ကြေးရုပ်ကြီးတွေဖြစ်ပါတယ်။

ကောဇာသက္ကရာဇ် ၉၆၀ ခုနှစ်၊ ဟံသာဝတီပျက်ပြီးတဲ့နောက် ယိုးဒယားတွေ တောင်ငူကို ဝင်ရောက်တိုက်ခိုက်ချိန် မြန်မာဘက်ကရခိုင်ဘုရင် မင်းရာဇာစစ်ကူခဲ့တာကြောင့် ယိုးဒယားတွေ စစ်ရှုံးခဲ့ကြောင်းသမိုင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။ အဲဒီလိုစစ်ကူခဲ့တာကြောင့် ရခိုင်ဘုရင်ဟာဘဏ္ဍာတော်တွေနဲ့အတူကြေးရုပ်ကြီးတွေ လက်ဆောင်ရခဲ့ပြီးအဲဒီကနေတဆင့် ဒီကနေ့ မန္တလေးမှာတွေ့မြင်နေရတာဖြစ်ပါတယ်။

ဘုရားဖူးလာသူတွေကတော့ သူတို့ရဲ့ ယုံကြည်ရာဓလေ့တခုအနေနဲ့ ဒီရုပ်တုကြီးကိုပွတ်သပ်ပြီးဆုတောင်းနေကြပါတယ်။ သူတို့ရဲ့ ကိုယ်ခန္ဒာကျန်းမာရေးအတွက် ဒီရုပ်တုကြီးကို ပွတ်သပ်ဆုတောင်းကြပါတယ်။ အခုကျမတို့ တွေ့နေရတဲ့အတိုင်းပါပဲ၊ ပွပ်သပ်ရာတွေကကြေးရုပ်ကြီးပေါ်မှာထင်ထင်ရှားရှားပေါ်လွင်နေပါတယ်။

မဟာမုနိ ဘုရားပရဝုဏ်တွင်းမှာတော့ ရှေးခေတ် သမိုင်းမှတ်ရာတွေ စုစည်းနေတဲ့ ကျောက်စာတိုက်ကြီးလည်းရှိနေပါတယ်။ ကျောက်စာပေါင်း ၇၀၀ ကျော်ရှိပြီးအထက်မြန်မာနိုင်ငံတဝှမ်း ဘုရားစေတီတွေရဲ့ အကြောင်းကိုလေ့လာနိုင်မယ့် နေရာလည်းဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့ ဒေသတွင်းအထူးခြားဆုံးလုပ်ငန်းထဲမှာတော့ မြန်မာမှုအနုပညာပန်းဆယ်မျိုးထဲမှာပါတဲ့ ပန်းတမော့ ကျောက်ဆစ်လုပ်ငန်းဟာထင်ရှားတဲ့ လုပ်ငန်းတခုပါ။

ဗုဒ္ဓဘာသာအများစုရှိရာဒီနိုင်ငံအတွင်းမှာတော့ ဘုရားစေတီနဲ့ ဘုရားဆင်းတော်တွေ တည်ထားကိုးကွယ်လေ့ရှိသလိုအဲဒီအရာတွေ ပုံဖော်ထုလုပ်ရာဒေသဟာအဓိကအားဖြင့် မန္တလေးမြို့လို့ပဲဆိုရမှာပါ။

စကျင်ကျောက်သားပေါများရာဒေသဖြစ်တာကြောင့်လည်းဒီလုပ်ငန်းကဒီနေရာမှာတွင်တွင်ကျယ်ကျယ်ရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ရှေးအစဉ်အလာမပျက် ရှိခဲ့တဲ့ လုပ်ငန်းဖြစ်သလို မန္တလေးရဲ့ ပြယုဒ်တခုလို့တောင် ပြောရမလိုဖြစ်နေပါပြီ။

မန္တလေးမြို့မှာထင်ရှားတဲ့ နောက်ထပ်လုပ်ငန်းတခုကို ပြပါဆိုရင်တော့ မြန်မာနိုင်ငံမှာတနေရာထဲမှာသာရှိနေတဲ့ ရွှေဆိုင်းလုပ်ငန်းပဲဖြစ်ပါတယ်။

 ရွှေဆိုင်းဆိုတာစိတ်ကူးနဲ့တောင်မှ ဆန်းဆဖို့ခက်တဲ့ ပါးလွှာတဲ့ ရွှေရွက်လွှာလေးတွေ ဖန်တီးတဲ့နေရာဖြစ်ပါတယ်။ဘယ်လောက်ထိပါးလွှာသလဲဆိုရင် သုညဒသမ သုည သုည သုည သုံးမီလီမီတာထိရှိတယ်လို့  ပြောပါတယ်။ ဒါဟာတကယ့်ကိုမှန်းဆမရနိုင်တဲ့ ပါးလွှာမှု ဖြစ်ပါတယ်။

ဒါကိုဘယ်လိုလုပ်ကြသလဲ၊ မြန်မာမှု နည်းပညာတွေနဲ့ ခေတ်အဆက်ဆက် အမွေဆက်ခံခဲ့ကြတဲ့ ပညာရပ်ဖြစ်ပါတယ်။

မန္တလေးမြို့မှာရှိတဲ့ မျက်ပါးရပ်ကနေထုတ်လုပ်တာကြောင့်လည်းမျက်ပါးရွှေဆိုပြီးထင်ရှားပါတယ်။ အများအားဖြင့်တော့ ရွှေဆိုင်းလို့ခေါ်လေ့ရှိပါတယ်။

နောက်ဆုံးအဆင့် အပါးလွှာဆုံးရွှေဆိုင်းတွေဖြစ်လာဖို့ စုစုပေါင်းထုချိန်ကတော့ ၆ နာရီဖြစ်ပါတယ်။

ရွှေဆိုင်းထုနေသူတစ်ယောက်ဟာမရပ်မနားပုံမှန်ထုနေရပါတယ်။ နောက်ပြီးသူ့မှာသတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်နဲ့ အချိန်နာရီကိုလည်းသတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ကျမတို့ အများစုသိထားပြီးဖြစ်တဲ့ နာရီတစ်လုံးကိုတော့ တွေ့နိုင်မှာမဟုတ်ပါဘူး။ သူတို့ အသုံးပြုနေတာကရှေးအစဉ်အဆက် ရိုးရာမပျက် အသုံးပြုခဲ့တဲ့ ရေနာရီဖြစ်ပါတယ်။

တကယ်တော့ နာရီဆိုတာထက် အချိန်မှတ်စက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ရွှေခတ်လုပ်ငန်းရဲ့ နောက်ဆုံးအဆင့်ရလာတဲ့ ရွှေဆိုင်းတွေဟာ ဗုဒ္ဓဘာသာဝင်တွေအထွဋ်အမြတ်ထားကြတဲ့ ဗုဒ္ဓဆင်းတုတော်တွေ ဘုရားစေတီတွေမှာကပ်လှူပူဇော်လေ့ရှိကြပါတယ်။

ပါးလွှာတဲ့ ရွှေရွက်ထုတ်လေးတွေကို ကြိုးနဲ့ချည်ဆိုင်းထားတာကိုအစွဲပြုပြီးရွှေဆိုင်းလို့ ခေါ်ကြတဲ့အကြောင်းကိုလည်းကျမသိခဲ့ရပါတယ်။

ကျမတို့တတွေ မန္တလေးကိုရောက်တဲ့အခါ မဖြစ်မနေ အပါဝယ်လေ့ရှိတဲ့ ထိုးမုန့်ဆိုတာကလည်း မန္တလေးမှာထူးထူးခြားခြားရှိနေတဲ့ အစားအစာလို့ ပြောရအုံးမှာပါ။

ထိုးမုန့်ဆိုတာနဲ့ မန္တလေးအမည်နဲ့ တွဲနေသလို မန္တလေးရောက်ပြီးရင်လည်းအိမ်အမြန်မှာထိုးမုန့်ကလေးပါမှ မျက်နှာပန်းလှရမယ့် အဖြစ်ပါပဲ။

နောက်ဆုံးဘုရင့်နေပြည်တော် ရွှေမန္တလေးမှာအနောက်ဘက် ဧရာဝတီမြစ်ကမ်းခြေကို ကျမရောက်ခဲ့ပါသေးတယ်။

ဒီနေရာဟာ ဂေါဝိန်ဆိပ်ကမ်းဖြစ်ပါတယ်။ ဂေါဝိန်ဆိပ်ကမ်းဟာ မြန်မာနောက်ဆုံးရှင်ဘုရင် ထွက်ခွါရာ၊ ပါတော်မူရာနေရာဖြစ်သလို မန္တလေးမြို့တော်ကြီးအတွက်လည်း အရေးပါလွန်းလှတဲ့   နေရာတခုဖြစ်ပါတယ်။

အထက်မြန်မာနိုင်ငံရဲ့ ကုန်စည်ဖြတ်သန်းစီးဆင်းရာအတွက်လည်း အရေးပါလှမယ့် နေရာတခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာဟာ မြစ်ကြောင်းသွားလာရေးအတွက်တော့ ပိုပြီးအဆင့်မြှင့်တင်ဖို့ လိုအပ်နေတဲ့နေရာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ကျမရောက်လာတော့ ကုန်းဘောင်ပေါ်ကနေ ထွက်ခွာပါတော်မူသွားတဲ့ သီးပေါမင်းနဲ့ မိဘုရားကို မြင်ယောင်မိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags