လစာငွေလျှော့ယူပြီး ချယ်လ်ဆီးသို့ ဖယ်လ်ကာအို ပြောင်းရွှေ့

လစာငွေလျှော့ယူပြီး ချယ်လ်ဆီးသို့ ဖယ်လ်ကာအို ပြောင်းရွှေ့

အင်္ဂလန်၊ ဇူလိုင် ၄။ ။ ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းတွင် အောင်မြင်မှုမရခဲ့သည့် ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဖယ်လ်ကာအိုသည် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့နိုင်ရန်အတွက် မန်ယူတွင် ရရှိခဲ့သည့် လစာငွေထက်များစွာ လျှော့ယူခဲ့သည်။ မန်ယူအသင်းတွင် တစ်ပတ်လစာငွေ ပေါင် ၂၈၅,၀၀၀ ရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းတွင် ပေါင် ၁၄၀,၀၀၀ သာ ရရှိမည် ဖြစ်သည်။

ချယ်လ်ဆီးသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်တွင် ဖယ်လ်ကာအိုက 'ချယ်လ်ဆီးကို ပြောင်းနိုင်ခဲ့လို့ တကယ်ကို ပျော်ရွှင်မိပါတယ်။ အသင်းနဲ့ လေ့ကျင့်ခန်းစတင်ပြုလုပ်ဖို့ မစောင့်နိုင်တော့သလို အသင်းရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ အမှတ်ပေးဖလားကို ကာကွယ်နိုင်ဖို့၊ ဥရောပမှာ အောင်မြင်မှု ရရှိရေးတို့အတွက် ကူညီပေးဖို့လည်း မစောင့်နိုင်တော့ပါဘူး' ဟု ပြောသည်။

ရာသီသစ်တွင် ဖယ်လ်ကာအိုအနေဖြင့် ၎င်း၏အကောင်းဆုံးပုံစံကို ပြန်လည်ရရှိပြီး ဥရောပထိပ်တန်းတိုက်စစ်မှူးအဖြစ် ပြန်လည် ရပ်တည်နိုင်ခဲ့ပါက ချယ်လ်ဆီးအသင်းမှာ ဖယ်လ်ကာအိုကို အပြီးသတ်ဝယ်ယူခွင့် ရရှိမည် ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဖယ်လ်ကာအိုသည် မန်ယူအသင်းတွင် ကစားခဲ့စဉ်က ၂၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၄ ဂိုးသာ သွင်းနိုင်ခဲ့သည်။

ဖယ်လ်ကာအို၏ အချက်အလက်များ
----------------------------------------
ရေးဗားပလိတ်(၂၀၀၄-၀၉) ၉၀ ပွဲ ၃၄ ဂိုး
ပေါ်တို(၂၀၀၉-၂၀၁၁) ၇၂ ပွဲ ၆၂ ဂိုး
အက်သလက်(၂၀၁၁-၂၀၁၃) ၈၆ ပွဲ ၆၈ ဂိုး
မိုနာကို(၂၀၁၃-၁၄) ၂၀ ပွဲ ၁၁ ဂိုး
မန်ယူ(၂၀၁၄-၁၅) ၂၉ ပွဲ ၄ ဂိုး

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly