မြန်မာဝမ်ပေါင်ရုံးရှေ့သွားရောက် ဆန္ဒပြမည့် လက်ပံတောင်းတောင် ဒေသခံများအား ရဲတားမြစ်

မြန်မာဝမ်ပေါင်ရုံးရှေ့သွားရောက် ဆန္ဒပြမည့် လက်ပံတောင်းတောင် ဒေသခံများအား ရဲတားမြစ်
ဓါတ်ပုံ-ကောင်းဇင်

မုံရွာ၊ မေ ၆ ။             ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်အတွက် မြန်မာဝမ်ပေါင် ရုံးရှေ့သို့ သွားရောက် ဆန္ဒပြတောင်းဆို ကြသည့် ဒေသခံများအား  ပုသိမ်မုံရွာလမ်း ဆုံတွင် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့တား မြစ်ခဲ့ကြသည်။

မေ ၆ ရက် မွန်းလွှဲ ၂ နာရီခန့်က လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းရန်အတွက် ဒေသခံများမှ မြန်မာဝမ်ပေါင်ရုံးရှေ့သို့ သွားရောက် ဆန္ဒပြကြရာ ရဲတပ်ဖွဲ့ဝင်များမှ လမ်းပိတ်ဆို့ထားသည့်အတွက် အခြေအနေတင်းမာမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"မြန်မာဝမ်ပေါင်ရုံးရှေ့ထိ အရောက်သွားပြီး တောင်းဆိုကြမှာပါ။ ဒါပေမဲ့ ပုသိမ်မုံရွာလမ်းဆုံမှာ လမ်းပိတ်ဆို့ထားတယ်၊ သံဆူးကြိုးတွ ကာရံထားတယ်။ ရဲတပ်ဖွဲ့တွေက ဒိုင်းတွေနဲ့ပိတ်ထားပါတယ်။ ဒါ့ကြောင့်မို့ လမ်းဖယ်ပေးဖို့တောင်းဆိုတယ်။ ဖယ်မပေးလို့ သံဆူးကြိုးတွကို ကိုယ်တိုင်ဖယ်ရှားတယ်။ "ဟု လက်ပံတောင်းတောင်ဒေသခံ ကိုမင်းမင်းက ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာအား လိုက်နာခြင်း မရှိပဲ ကြေးနီထုတ်လုပ်မှုအား မေ ၅ ရက်က စတင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ယနေ့လည်း ထပ်မံဆန္ဒပြခဲ့ကြသည်။

 "ကြေးနီစီမံကိန်းကြီးဟာ အစီရင်ခံစာကို လိုက်နာမှုမရှိပဲ ဆက်လက်လုပ်ဆောင်နေတာကို ကန့်ကွက်ပါတယ်။ လျော်ကြေးမယူတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးပေးဖို့   တောင်းဆိုပါတယ်။"ဟု ဒေသခံ မစန္ဒာက ပြောသည်။

လက်ပံတောင်းတောင်ဒေသတွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား အခြေအနေတင်းမာမှုများ အမြဲဖြစ်ပေါ် လျှက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်က စီမံကိန်း လုပ်ဆောင်ရန်အတွက် ခြံစည်းရိုး ခတ်ရာတွင်လည်း   ဒေသခံများနှင့် ရဲတို့ အခြေအနေတင်းမာခဲ့ပြီး  ဒေသခံတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly