ဟူးကောင်းဒေသခံ တောင်သူများနှင့် ယုဇနကုမ္ပဏီ ပဋိပက္ခထပ်မံဖြစ်ပွား

ဟူးကောင်းဒေသခံ တောင်သူများနှင့် ယုဇနကုမ္ပဏီ ပဋိပက္ခထပ်မံဖြစ်ပွား

ချင်းမိုင် ၊မေ ၆ ။                ။ ကချင်ပြည်နယ် တနိုင်း၊ ဟူးကောင်းဒေသရှိ ဒေသခံ တောင်သူ ၁၆၀ ကျော်နှင့် ယုဇန ကုမ္ပဏီ အလုပ်သမား ၈၀ ကျော်တို့ မြေယာသိမ်းမှုနှင့် ပတ်သက်၍ မေ ၄ ရက်က ပဋိပက္ခ ထပ်မံ ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မနက်ဖြန်တွင် ဖားကန့်မြို့နယ် အစိုးရမှ လာရောက် စစ်ဆေးမည် ဖြစ်သည်။

မေ ၄ ရက်က မြစ်ကြီးနား-တနိုင်း လီဒိုလမ်မပေါ်ရှိ နောင်းမီကျေးရွာအုပ်စုမှ တောင်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာနှင့် ယာခင်း များဖြစ်သော တိန်ဂေါဘွမ်၊ နွမ်ဘရော့ယန်၊ လမုန်ဒွမ်၊ ဒဂရောမ်ယန်နှင့် ခကျယန် စသည့် နေရာ ၅ ခုတွင် ယုဇန ကုမ္ပဏီမှ အလုပ် သမား ၈၀ ဦးခန့်က ဘက်ဖိုး ၁ စီးသည် လာရောက်၍ ယုဇန ကုမ္ပဏီပိုင် ဧရိယာဖြစ်၍ ပိုင်နက်နယ်မြေ မကျူးကျော်ရဟု ဆိုကာ ချိန်းခြောက် တားဆီး၍ ယာခင်းများကိုလည်း ဘက်ဖိုးနှင့် ဘူဒိုဇာတို့ဖြင့် ထိုးလန်ခဲ့သဖြင့် တောင်သူများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်ဟု တောင်သူ ဦလရှီးအောင်လတ်က ပြောသည်။

“အဲဒီဒေသက နောင်းမီနဲ့ ဝရာဇွပ် စပ်ကြားမှာ ဖြစ်တယ်။ ဘိုးဘွားပိုင်နယ်မြေမှာ အခု သားသမီးတွေ မြေးမြစ်တွေ လာလုပ်ကြတဲ့အချိန်မှာ တောင်သူက ၁၆၀ လောက်လုပ်နေတဲ့အချိန်မှာ သူတို့က(ယုဇန) ကုမ္ပဏီက ၄ ရက်နေ့ မနက် ၇ နာရီခွဲမှာ စက် အင်အားကြီးတွေ၊ ကား ၉ စီး၊ဘက်ဖိုး၊ ဗူဒူဇာတွေနဲ့ လာမောင်းတော့ တောင်သူတွေကလည်း မြေမပေးချင်လို့ ပြဿနာ ဖြစ်လို့ ဆဲဆဲမှာ ဝရာဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လမွန်နော်ဒီးက ကြားမှာ ဖြန်ဖြေပြီးမှ ၇ ရက်နေ့မှာ လူကြီးတွေနဲ့ ဆွေးနွေးပြီးမှ လုပ်ကြရအောင်လို့ပြောတော့ အဲဒီ ပဋိပက္ခ ခဏရပ်ထားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပဋိပက္ခအပေါ် ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းမှ  မေ၇ ရက်တွင် လာရောက် ဖြေရှင်းပေးမည်ဟုဆိုသော်လည်း ဒေသခံတောင်သူများဘက်မှ ရပ်တည်ပေးမည့် သူမရှိနိုင်ဟုဆိုကာ စိုးရိမ်မှုများ ရှိနေသည်ဟု ဦးလရှီးအောင်လတ်က ပြောသည်။

“မနက်ဖြန်ကြရင် သူတို့ဘက်က ရပ်တည်တဲ့အစိုးရက မရှိနိုင်ဘူးလို့ သူတို့ ခံစားကြတယ်။ အဲဒီလို ခံစားကြတော့ မနက်ဖြန် ကြရင် ဆွေးနွေးဖို့ လာခေါ်တဲ့အခါမှာ သူတု့ိဘက် ရပ်တည်မဲ့ ပုဂ္ဂိုလ်တွေကို ရွေးထားပြီးတော့ သူတို့လယ်ကို ပြန်ရအောင် ဆွေးနွေးဖို့ ပြောနေကြတယ်”ဟု သူက ပြောသည်။

မနက်ဖြန် အချင်းချင်း ညှိနှိုင်းရန်အတွက် ဖာကန့်မြို့နယ်အုပ်ချုပ်ရေးမှူးမှ နောင်းမီအုပ်ချုပ်ရေးမှူးအား ၎င်းတို့ ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူး ၄ ဦးအား ခေါ်ထားရန် ဆင့်ခါ်စာပေးပို့ထားသဖြင့် ထိုလေးဦးသည် တောင်သူ ၁၆၀ ကျော်ဘက်မှ ကိုယ်စားမပြုသဖြင့် တောင်သူများက ပြန်လည် ရွေးချယ်ရန် စီစဉ်နေသည်ဟု သူက ပြောသည်။

၂၀၀၇ ခုနှစ်မှစတင်၍ ဒေသခံ တောင်သူများ၏ လယ်ယာများမှ ယုဇန ကုမ္ဗဏီက အဓမ္မ သိမ်းယူခဲ့ပြီးနောက် မူလပိုင်ရှင် တောင်သူများက စပါးစိုက်ပျိုးရန် ပြန်လည် ထွန်ယက်နေသည်ကို ယုဇန ကုမ္ဗဏီမှ အလုပ်သမားများက ပြန်လည် တားဆီးခဲ့သဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင် သူက ပြောသည်။

ပြီးခဲ့သည့် မတ် ၆ ရက်ကလည်း၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ဟူးကောင်း ဒေသအတွင်း ယုဇန ကုမ္ပဏီမှ ဝရာဇွပ်ကျေးရွာအုပ်စုပိုင် သစ်တော် ကြိုးဝိုင်းသို့ မြေယာတိုးချဲ့ ထွက်ယက်နေမှုများကို ချက်ချင်ရပ်တန့်ရန်၊ အစိုးရမှ ယုဇန ကုမ္ပဏီ လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးပြီး ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ သိမ်းယူထားသော မြေယာများ အမြန်ဆုံး ပြန်လည် ပေးအပ်ရန်နှင့် နစ်နာကြေးများ အမြန်ဆုံး ဖြေရှင်းပေးရန် တို့ကို ဝရာဇွပ်ကျေးရွာ တောင်သူကော်မတီအဖွဲ့က တောင်းဆိုခဲ့သည်။

၂၀၀၆ ခုနှစ်မှစတင်ကာ ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေအတွင်း မြေဧက ၃ သိန်းကျော်ကို ယုဇန ကုမ္ပဏီမှ ပီလောမီနံ စိုက်ပျိုးရေး စီမံကိန်းအတွက် ဒေသခံ တောင်သူများ၏ လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းယူခဲ့သဖြင့် လယ်ယာမြေများ ပြန်လည် ရရှိရန်အတွက် တောင်သူများဘက်မှ ရန်ကုန်မြို့ထိ ဆန္ဒပြတောင်ဆိုခဲ့သော်လည်း ယခုထိ လယ်ယာများ ပြန်လည် ရယူခြင်း မရှိသေးပေ။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာက ယုဇန ကုမ္ပဏီသိမ်းယူထားသော မြေယာများ ပြန်လည် ရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများ ရရှိရန်အတွက်   ဖြေရှင်းပေးရန် ပြည်ထောင်စု ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးသို့ စာတင်ပြတောင်းဆိုသွားရန် စီစဉ်နေသည်ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို မကြာမီက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly