ဒီကေဘီအေ နှင့် တပ်မတော် အပစ်ရပ်ရန် ကရင်အမျိုးသား စည်းလုံးရေး နှင့် ငြိမ်းချမ်းရေးကော်မတီမေတ္တာရပ်ခံ အပြီး ပြန်လည်တိုက်ပွဲဖြစ်

ဒီကေဘီအေ နှင့် တပ်မတော် အပစ်ရပ်ရန် ကရင်အမျိုးသား စည်းလုံးရေး နှင့် ငြိမ်းချမ်းရေးကော်မတီမေတ္တာရပ်ခံ အပြီး ပြန်လည်တိုက်ပွဲဖြစ်

ချင်းမိုင်၊ ဇူလိုင် ၃ ။      ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးပေါ်တွင် အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) တို့အကြား တိုက်ပွဲများဖြစ်ပေါ်နေမှုကို နှစ်ဖက်လုံးက ရပ်တန့်ရန် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဇူလိုင် ၃ရက်က မေတ္တာရပ်ခံလိုက်သော်လည်း ထိုနေ့ ညပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ် ပွားနေသည်ဟု ကော့ကရိတ်တာဝန်ခံ ဗိုလ်မှူးစောသရဲနီက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၃ရက် မွန်းလွဲပိုင်း ခဏ ရပ်နားပြီး ညနေ ၆  နာရီခွဲမှ ည ၈ နာရီခွဲချိန်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီညနေ ၆နာရီခွဲကနေ ပြန်ပြီးတော့ ပစ်နေပါပြီခင်ဗျ။ နဂိုနေရာမှာပဲ။ ကော့ကရိတ်မှာ ဖြစ်နေတယ်။ အခုလည်း (ည၈ နာရီခွဲ) ပစ်နေပါတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၂ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် နှစ်ဖက် ညှိနှိုင်းဖြေရှင်းမှု မရှိသေးသဖြင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု DKBA မှ ဗိုလ်မှူး စောလုံ့လုံက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၃ ရက် မွန်းလွဲပိုင်းတွင် မြဝတီဆက်ဆံရေးရုံးမှ ဝန်ထမ်း စောသန်းအောင်အား အစိုးရ စစ်တပ် တပ်ရင်း ခလရ ၂၄ တပ်ဖွဲ့များ မေးမြန်းရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ရာမှ ယခုထိ ပြန်လည် လွတ်ပေးခြင်း မရှိသေးကြောင်း ဗိုလ်မှူးစောလုံ့လုံ က ပြောသည်။

DKBA ဒုတိယ စစ်ဦးစီးချုပ်က ရန်ကုန်မြို့တွင် ကျင်းပသော ကရင်အမျိုးသားအကြို ညီလာခံတွင် တက်ရောက်နေသော ဗိုလ်မှူး စောသရဲနီနှင့် ဗိုလ်မှူးကြီး စောမောင်လေးတို့ကို နေပြည်တော်သို့ သွားရောက်၍ စစ်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက် ၍ ဆွေးနွေးရန် ညွန်ကြားထားသော်လည်း သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ အစိုးရနှင့် DKBA တို့ တိုက်ခိုက်မှုအပေါ် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC)ကော်မတီဝင် များနှင့်ကရင်အမျိုးသား အကြိုညီလာခံ တက်ရောက်လာသော ကရင်အမျိုးသား ကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းရေးအတွက် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၂ရက်က ကရင်ပြည်နယ် အာရှလမ်းမကြီး၏ မြဝတီနှင့် ကော့ကရိတ်မြို့ကြားလမ်းပိုင်း ကော့နွဲ့ရွာနှင့် တစ်မိုင်ခန့်အကွာ တွင် အစိုးရတပ်မတော်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ တစ်နေကုန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီကေဘီအေအဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ် ရာရှိခဲ့သည်ဟု ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကိုပြောဆိုထားသည်။

DKBA သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly