Sister အဖွဲ့ အပါအဝင် K-Pop အဖွဲ့များ လာရောက် ဖျော်ဖြေမည်

Sister အဖွဲ့ အပါအဝင် K-Pop အဖွဲ့များ လာရောက် ဖျော်ဖြေမည်

ရန်ကုန် ၊ မေ ၆ ။            ။ ကိုရီးယား နိုင်ငံမှ နာမည်ကြီး sister အဖွဲ့အပါအဝင် K-Pop အဖွဲ့များပါဝင်သည့် INNO CITY Love Sharing Concert  ဇွန် ၁၁ရက်နေ့တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား နိုင်ငံမှ နာမည်ကြီး K-Pop အဖွဲ့များ ဖြစ်သည့် Sister အဖွဲ့ ၊ MONSTA X အဖွဲ့ ၊ SO CHAN WHEE ၊ BADKIZ ၊ Jeong Seon Ariang A-PERA Team စသည့် အဖွဲ့များမှ လာရောက် ဖျော်ဖြေ ကြမည် ဖြစ်သည်။

ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့ အကြား ချစ်ခင် ရင်းနှီးမှုကို ပိုမို တိုးတက် ခိုင်မြဲစေရန် ၊ နှစ်နိုင်ငံ ပြည်သူများ အကြား ပိုမို ထိတွေ့ ဆက်ဆံခြင်းဖြင့် ချစ်ကြည် ရင်းနှီးမှု နှင့် ပိုမို နားလည်မှု ရရှိလာရေး ၊ တောင်ကိုရီးယားနိုင်ငံတွင် ရေပန်းစားလျက် ရှိသည့် ဂီတအဖွဲ့အား မြန်မာနိုင်ငံမှ ခံစားနားဆင်နိုင်ရေး ၊ မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ အနေဖြင့်   နိုင်ငံခြားဂီတ အဖွဲ့အား ခံစား နားဆင်ခွင့် ရပြီး စိတ်အပန်း ဖြေ နိုင်ရေး အတွက် စသည့် ရည်ရွယ်ချက်များ ဖြင့် ကျင်းပ ပြုလုပ် ခြင်း ဖြစ်သည်။

Love Sharing Concert မှ INNO Group စတင် ခဲ့သည့် ၁ဝနှစ် မြောက် အထိမ်းအမှတ် အဖြစ် လူမှုရေး လုပ်ငန်းများတွင် ဒုက္ခ ရောက်နေသူများ အတွက် ရန်ပုံငွေ ပွဲ အဖြစ် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကာ ပွဲမှ ရရှိသည့် အမြတ်ငွေများကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကို လှူဒါန်း သွားမည် ဖြစ်သည်။

INNO Group သည် မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ်မှ စတင်ပြီး ဟံသာဝတီဂေါက်ကလပ် နှင့် အပန်းဖြေ လုပ်ငန်းမှ စတင် ရင်းနှီး မြှပ်နှံ ခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

လက်ရှိတွင် INNO Group အနေဖြင့် မြန်မာနိုင်ငံတွင် စက္ကူ ပုံး စက်ရုံ ၊ အထည်ချုပ် လုပ်ငန်းများ ၊ ဟံသာဝတီဂေါက်ကလပ် နှင့် အပန်းဖြေ စခန်း တို့တွင် မြန်မာနိုင်ငံသူ ၊ နိုင်ငံသား အလုပ်သမား ၄ဝဝဝ ခန့်အား အလုပ် အကိုင် အခွင့်အလမ်းများ ရှာဖွေ ပေးလျက် ရှိသည်။

ဖျော်ဖြေပွဲ လက်မှတ်များကို ရောင်းချ သွားမည် မဟုတ်ပဲ INNO Group နှင့် ဆက်စပ်သည့် ကုမ္ပဏီ များကို အလှူငွေ ကောက်ခံကာ ဖိတ်စာ များဖြင့် ဖိတ်ကြား သွားမည် ဖြစ်သည်။

ဖျော်ဖြေပွဲကို မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ကြည့်ရှု ခံစားနိုင်ရန် အတွက် MRTV-4 ၏ Channel 7 ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည်ဖြစ်ပြီး Tiger Fate ကုမ္ပဏီ ၏ ဖေ့ဘုတ် စာမျက်နှာ နှင့် Mrtv-4 ဖေ့ဘုတ် စာမျက်နှာ များတွင်လည်းဖော်ပြ ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly