အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲအတွက် မြန်မာသဲသောင်ပြင်ဘောလုံးအသင်း အသစ်ဖွဲ့စည်းရန် စီစဉ်

အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲအတွက် မြန်မာသဲသောင်ပြင်ဘောလုံးအသင်း အသစ်ဖွဲ့စည်းရန် စီစဉ်
၂၀၁၄ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်သဲသောင်ပြင်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေစဉ် (ဓါတ်ပုံ getty images)

မေ ၆ ၊ ရန်ကုန်။              ။ ၂၀၁၆ အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အသစ်ပြန်လည် ဖွဲ့စည်းသွားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဌ ဦးကြည်မင်းသိန်းက ပြောသည်။ မြန်မာ့လက်ရွေးစင် သဲသောင်ပြင်ဘောလုံးအသင်းအသစ်ဖွဲ့စည်းရန်အတွက် လာမည့် မေလ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ရန်ကုန်မြို့ သုဝဏ္ဏသဲသောင်ပြင်ဘောလုံးအားကစားကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို ဝင်ရောက်ရွေးချယ်ခွင့်ပြုမည် ဖြစ်သည်။

“ အာဆီယံသဲသောင်ပြင် ပြိုင်ပွဲဝင်ဖို့အတွက် ကျွန်တော်တို့ လက်ရွေးစင်အသင်းကို အသစ်ဖွဲ့စည်းသွားမှာပါ။ ဒီလာမယ့် မေ ၁၇၊ ၁၈၊ ၁၉ သုံးရက်ဆက်တိုက် လူရွေးပွဲကျင်းပမှာပါ။ မနှစ်က လုပ်တဲ့ပုံစံပါပဲ။ စိတ်ဝင်စားတဲ့လူတိုင်း လာပြိုင်ခွင့်ရှိပါတယ်။ အဲ့ထဲကနေမှ လူရွေးချယ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ပဏာမ အရင်ရွေးသွားမှာပါ။ အနည်းဆုံး ၂၅ ဦး ဝန်းကျင်လောက်တော့ ရွေးမှာပါ။ နည်းပြကတော့ မနှစ်က ပြည်တွင်းနည်းပြတွေပဲ ဖြစ်ဖို့ များပါတယ်။ အာဆီယံပြိုင်ပွဲက သြဂုတ်လထဲမှာ ဗီယက်နမ်မှာ သွားပြိုင်ရမှာပါ ” ဟု ဦးကြည်မင်းသိန်းက ဖူဆယ်လက်ရွေးစင်အသင်း၏ အစီအစဉ်နှင့် ပတ်သက်၍ ပြောသည်။

၂၀၁၆ အာဆီယံ သဲသောင်ပြင်ချန်ပီယံရှစ် ပြိုင်ပွဲသည် သြဂုတ် ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်နှင့်အတူ မြန်မာ၊ ထိုင်း၊ လာအို၊ မလေးရှား၊ တီမောနှင့် ပြိုင်ပွဲအဓိက စပွန်ဆာ FELDA အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်သဲသောင်ပြင်လက်ရွေးစင်အသင်းသည် ၂၀၁၄ ခုနှစ်က မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရရှိပဲ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly