အလက်ပိုမြို့အနီး အချက်အချာကျ ကျေးရွာကို ဆီးရီးယား သူပုန်များ သိမ်းပိုက်

အလက်ပိုမြို့အနီး အချက်အချာကျ ကျေးရွာကို ဆီးရီးယား သူပုန်များ သိမ်းပိုက်

မေ ၆ ။              ။ ဆီးရီးယားနိုင်ငံ အလက်ပို Aleppo မြို့အနီး စစ်ရေးပိုင်း မဟာဗျူဟာကျသည့်  ကျေးရွာတစ်ရွာကို အစိုးရတပ်များထံမှ သူပုန်တပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်ဟု   စောင့်ကြည့်ရေးအဖွဲ့တစ်ခုက မေလ ၆ ရက်တွင် ပြောကြားသည်။ ယင်းအတွက်ကြောင့် ယခုအခါ သူပုန်တပ်ဖွဲ့များသည် အမေရိကန်နဲ့ ရုရှတို့ စစ်ရှိန်လျှော့ချရန် ကြိုးပမ်းနေသည့် မြို့အနီးတွင် အခိုင်အမာ တပ်စွဲနေနိုင်ပြီဖြစ်သည်။

အလက်ပိုမြို့ အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာ Khan Touman ဟု ခေါ်ဆိုသော အထက်ပါ ကျေးရွာကို သိမ်းပိုက်နိုင်ရေးအတွက် နှစ်ဘက်တပ်ဖွဲ့များအကြား အပြင်းအထန် တိုက်ပွဲဆင်နွဲခဲ့ရာတွင်လည်း စုစုပေါင်း ၇၃ ဦးထိ သေဆုံးသွားခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။

ယင်းအချက်အချာကျ ကျေးရွာကို သိမ်းပိုက်ထားကြောင်း သူပုန်တပ်ဖွဲ့ဘက်မှ သတင်းရင်းမြစ်များက ပြောကြားသော်လည်း စစ်ဘက် တာဝန်ရှိသူတစ်ဦးကတော့ ယင်းကျေးရွာမှာ သူပုန်များလက်တွင်းသို့ ကျရောက်မသွားသေးကြောင်း ပြောကြားသွားသည်။

မေလ ၅ ရက်တွင် အယ်လ်ကိုင်ဒါ ဆက်စပ် အုပ်စု Nusra Front အဖွဲ့အပါအဝင် အစ္စလမ္မစ် သူပုန်ညွှန့်ပေါင်းတပ်ဖွဲ့က အဆိုပါ ကျေးရွာကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုသီတင်းပတ်ထဲတွင် အမေရိကန် နှင့် ရုရှ တို့က အလက်ပိုမြို့တွင် အပစ်ရပ်ရေး သဘောတူညီချက်တစ်ခုကို ကြားဝင် စေ့စပ်ပေးနေခဲ့သော်လည်း လက်တွေ့မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေလျက်ရှိသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာအတွက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သူပုန်ဘက်မှ ၄၃ ဦး၊ အစိုးရစစ်တပ်ဘက်မှ ၃၀ ဦး ကျဆုံးသွားခဲ့ကြောင်း စောင့်ကြည့်အဖွဲ့က ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly