အဆင့်မြင့် စတော်ဘယ်ရီသီး စိုက်ပျိုးရေး အပိုင်း(၁)

06 May 2016
အဆင့်မြင့် စတော်ဘယ်ရီသီး စိုက်ပျိုးရေး အပိုင်း(၁)

စတော်ဘယ်ရီ အလုံးကြီးတွေကို အဆင့်မြင့်စတော်ဘယ်ရီသီး ဒါမှမဟုတ် စတော်ဘယ်ရီအကြွပ်သီးလို့ ခေါ်ပါတယ်။ စတော်ဘယ်ရီအလုံးသေးမျိုးတွေနဲ့မတူဘဲ အသားမာပြီး အထားခံတဲ့ အားသာချက်တွေကြောင့်လည်း စတော်ဘယ်ရီသီး ဈေးကွက်တော်တော်များများကို ပိုင်ဆိုင်ထားပါတယ်။

စိုက်ပျိုးရာဒေသတဝိုက်တင်မကပါဘူး၊ ရန်ကုန် မန္တလေး အစရှိတဲ့ ရပ်ဝေးဒေသ မြို့တွေမှာပါ မြင်တွေ့ဝယ်ခြမ်းလို့ရနိုင်ပါတယ်။ ရန်ကုန်မြို့ သီရီမင်္ဂလာဈေးက စတော်ဘယ်ရီသီးဆိုင်ပိုင်ရှင် ကိုမြင့်နိုင်က အခုလို ရှင်းပြပါတယ်။

“ ဒီဘက် ဈေးကွက်ထဲဝင်လာတာကတော့ အချွန်းသီးရယ်၊ ဒီ အဆင့်မြင့်အကြွပ်သီးရယ်၊ ဗမာသီးကတော့ ဈေးကွက်ထဲဝင်လာတာ နည်းတယ်။ အဆင့်မြင့်သီးကတော့ ကြာရှည်အထားခံတယ်၊   နောက်ရက်အထိ ထားပြီးရောင်းလို့ရတယ်၊ ဒါကြောင့်မို့ ရောင်းလို့ကောင်းပါတယ်”

ဒီစတော်ဘယ်ရီ အကြွပ်သီးတွေကို သကြားနဲ့တို့ အစိမ်းစားတာ ရှိသလို ကိတ်မုန့်နဲ့ ကျောက်ကျောလုပ်တဲ့နေရာတွေအပြင် တချို့ကြတော့ ဖျော်ရည်လုပ်ပြီးသောက်ကြပါသေးတယ်။ အကြွပ်သီးကို ဖျော်ရည်လုပ်ပြီးသောက်မယ်ဆိုရင် စက်ဖျော်ရည်က အဆင်အပြေဆုံးပါ။

စတော်ဘယ်ရီးသီး အလုံးကြီးတွေက ပုံသဏ္ဍာန်နဲ့အရောင်အသွေး စတဲ့ အားသာချက်တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ထားပါသေးတယ်။ စိုက်ပျိုးတဲ့အခါမှာတော့ ဒေသသီးတွေလို အကြမ်းမခံပါဘူး။ မျိုးယူစဉ်အခါကတည်းက ဂရုတစိုက် ပြုစုရပါတယ်။ စိုက်နည်းအဆင့်ဆင့်ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

စတော်ဘယ်ရီအကြွပ်သီးစိုက်ပျိုးဖို့ ပြင်ဆင်မယ်ဆိုရင်တော့ အသီးရာသီကုန်တဲ့အချိန်ကနေ စပြီးပြောရမယ်ထင်ပါတယ်။ အသီးပြီးတဲ့အချိန်ကုန်ဆုံးတဲ့ ဧပြီလကုန် မေလလောက်ကစပြီး မျိုးထားဖို့အတွက် မျိုးပင်လို့ခေါ်တဲ့ သားထွက်တွေကို အခင်းဟောင်းကနေ မွေးယူရပါတယ်။

ပြင်ဦးလွင်မြို့ ဂွေးတောက်ရွာ စတော်ဘယ်ရီးသီးစိုက်ပျိုးရေးခြံက ခြံတာဝန်ခံ ကိုအထွန်းက အခုလိုရှင်းပြပါတယ်။

“ ဒီအသီးက ငါးလပိုင်းဆိုရင် တုံးသွားပြီလေ၊ တုံးလို့ရှိရင် သူ့ကို အပေါ်အရွက်ကြမ်းလေးတွေ ဖြတ်ပြီးတော့ ယူရီးယားနဲ့ သူ့ကို သားတက်ထွက်အောင် အားဆေးလိုက်ပြီးတော့ သားတက်ထွက်လာတဲ့အခါ သူ့ကို နှုတ်ပြီး ပျိုးတန်းဘက်ကို ထည့်ရပါတယ် ”

ဒီလိုနဲ့ တစ်လလောက် ပြုစုပြီးရင်တော့ ကျန်းမာသန်စွမ်းစွာထွက်လာတဲ့ သားတက်တွေကို ဖြတ်ယူရပါတယ်။ ပျိုးခင်းကို ပို့ရမှာပါ။ ပျိုးခင်းကိုရောက်လာမယ့် စတော်ဘယ်ရီ မျိုးပင်တွေကိုတော့   ရောဂါကင်းရှင်းအောင် ပြုစုရမယ့်အပိုင်း ရှိပါသေးတယ်။

ပျိုးအိတ်ထဲထည့်မယ့်မြေကို တခြားမြေသြစာတွေ မသုံးဘဲ မြေကြီးနဲ့နွားချေးကိုသာ အသုံးပြုပါတယ်။ တခြားမြေသြစာထည့်ရင် ပျိုးပင်လေးတွေ ပုတ်တတ်ပါတယ်။ အပင်ဟောင်းကနေထွက်လာတဲ့ သားထွက်ကလေးတွေကို ဖြတ်ပြီး ပြန်ပျိုးရတာဖြစ်လို့ ရေပုံမှန်လောင်းပေးဖို့နဲ့ ပျိုးပင်တွေပေါ်မှာ နေရောင်ခြည်တိုက်ရိုက်မကျအောင် အမိုးမိုးထားဖို့ကလည်း အရေးကြီးပါတယ်။

ဒီနေရာမှာလည်း ပြင်ဦးလွင်မြို့က စတော်ဘယ်ရီ စိုက်ပျိုးသူတစ်ဦးဖြစ်တဲ့ ဦးတင်ထွန်းက အခုလို ရှင်းပြပါတယ်။

“ မပျိုးခင်အချိန်မှာပဲ ဒီ အမြစ်ရောဂါ ကာကွယ်တဲ့ဆေးတွေနဲ့ စိမ်ပေးရတယ် စိမ်ပြီးမှ အမြစ်စွဲလာလို့ ရှိရင် မှိုဆေး အားဆေးကို တပါတ်တခါလောက် ပုံမှန်ဖြန်းပေးတယ်၊ ပြီးတော့မှ ဒီပျိုးပန်းပျိုးနေတဲ့အချိန်မှာပဲ မြေကိုပြုပြင်မှုလုပ်ထားရတယ်၊ ပထမ မြေကို ထယ်ထိုးမယ်၊ အဲဒါကိုမှ နွးချေး၊ ဓါတ်မြေသြစာတို့နဲ့ သမပြီး ပျိုးဘောင်ဆွဲရတယ်၊ ပျိုးဘောင်ဆွဲတဲ့အခါ အမြင့် ရှစ်လက္မထားတယ်၊ အနံကို သုံးပေ အလျားကို ပေ တစ်ရာပျိုဘောင်တွေဆွဲတယ်၊ နောက် ရေဖြန်းပြီး နှပ်ထားတယ်၊ ပြီးတော့ပလပ်စတိတ်ဖုံးတယ်၊ ဖုံးပြီးတော့မှ  တပေကြားအကွာ အပေါက်ကလေးတွေ ဖိုခနောင့်ဆိုင် ဖေါက်ပေးတယ်၊ အဲဒီအပေါက်ကလေးတွေထဲ ပျိုးပင်တွေ ယူပြီးစိုက်တယ်။  ”

စိုက်ပျိုးပုံအသေးစိတ်ကိုတော့ ခြံတာဝန်ခံ ကိုအထွန်းက ဆက်ပြီး ရှင်းပြပါတယ်။

“ စိုက်တဲ့အခါ တစ်ပင်နဲ့တစ်ပင် တစ်ပေခန့်အကွာ ဖိုကနောင့်ဆိုင် စိုက်ပါတယ်၊ စိုက်တဲ့အခါ တအားကပ်လွန်းသွားရင်လည်း အသီးလှီတာမျိုးဖြစ်တတ်တယ်၊ မျိုးအတွက်ကတော့ ဒီလိုအနေအထားလောက်မှပဲ အဆင်ပြေပါတယ် ”

စတော်ဘယ်ရီစိုက်ပျိုးသူ ဦးတင်ထွန်းက စတော်ဘယ်ရီ စိုက်ပျိုးရာမှာ ရေအစက်ချစိုက်ပျိုးတဲ့နည်း ဘာပြုလို့ လုပ်ရတယ်ဆိုတာ အခုလို ရှင်းပြပါတယ်။

“ ကျနော်တို့က အရင်တုန်းက ဖြန်းတဲ့စနစ်ပဲ သုံးတယ်၊ ရေဖြန်းတော့ ရေက အရွက်ကော အသီးကော ဒါရိုက်သွားထိတယ်၊ ရေထိတော့ ရောဂါပိုးမွှားကျရောက်မှု အရမ်းများတယ်၊ စတော်ဘယ်ရီက နေ့စဉ်ခူးတဲ့အသီးအနှံဖြစ်လို့ ကျနော်တို့က အရမ်းဂရုစိုက်ရမယ်၊ နောက်တော့ ရေအစက်ချနည်းနဲ့ ရေဖြန်းတော့ ဒါတွေအားလုံး ကာကွယ်ပြီးသားဖြစ်သွားတယ်၊ အရင်ကဆိုရင် အရေးကြီးတဲ့အချိန် လူအင်အားမလုံလောက်ရင် ပေါင်းမြက်ကို မနိုင်ဘူး၊ ဒီတော့ အပင်တက်မှု အရမ်းအားနည်းတယ်၊ ဒါကြောင့်မို့ ပလပ်စတိတ်အုပ်ပြီးစိုက်တယ်၊ ပေါင်းမြက်ကိုလည်း အလိုလို ကာကွယ်ပြီးသား ဖြစ်သွားတယ်၊ ပလပ်စတိတ်အုပ်ထားလို့ အစိုဓါတ်ကိုလည်း ထိန်းတယ်၊ အသီးသီးတော့ အသီးက မြေနဲ့မထိဘူး မြေနဲ့မထိလို့ မြေကရတဲ့ရောဂါလည်း မစိုးရိမ်ရတော့ဘူး၊ အသီးကလည်း အကုန်လှပြီး အရောင်ပိုရဲသွားစေတယ်”

ဒုတိယပိုင်း ဆက်လက်တင်ဆက်သွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly