ယူရိုပါလိဂ်ဆီမီးနိုင်ပွဲအတွက် ကလော့ပ်တွင် ဂုဏ်ပြုစရာစကားလုံးရှာမတွေ့လောက်အောင်ဖြစ်နေ

ယူရိုပါလိဂ်ဆီမီးနိုင်ပွဲအတွက် ကလော့ပ်တွင် ဂုဏ်ပြုစရာစကားလုံးရှာမတွေ့လောက်အောင်ဖြစ်နေ

မေ ၆၊ လီဗာပူးလ်။            ။ ဗီလာရီးယဲလ်အသင်းကိုအနိုင်ရပြီး ကိုးနှစ်ကြာဝေးကွာနေသော ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ လီဗာပူးလ်အသင်းတက်ရောက်နိုင်ခဲ့ပြီးနောက် အသင်း၏ခြေစွမ်းကို ဂုဏ်ပြုရန်ပြောစရာစကားလုံးရှာမတွေ့လောက်အောင်ဖြစ်နေရဟု နည်းပြဂျာဂင်ကလော့ပ်က ပြောသည်။

ယူရိုပါလိဂ်ဆီမီးပ-ကျော့က ဗီလာရီးယဲလ်ကွင်းတွင် ၁-၀ ဖြင့်ရှုံးခဲ့သည့် လီဗာပူးလ်အသင်းသည် အန်ဖီးလ်တွင်မူခြေစွမ်းပြနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ ဂိုးဖြင့်ဗိုလ်လုပွဲတက်နိုင်ခဲ့သည်။

"ခြေစွမ်းကိုဂုဏ်ပြုဖို့ သင့်တော်တဲ့စကားလုံးရှာမရဘူးဖြစ်နေတယ်။ အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ သိပ်ကြည့်ကောင်းခဲ့တယ်။ ပြီးတော့ သိပ်လှ တဲ့ဂိုးတစ်ချို့သွင်းနိုင်ခဲ့တယ်"ဟု ဂျာမန်လူမျိုး ကလော့ပ်က ပြောသည်။

ပွဲချိန်အစောပိုင်းတွင် ဗီလာရီးယဲလ်မှဆိုရီယာနို ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် လီဗာပူးလ်အသင်းအခြေအနေကောင်းခဲ့ပြီး ဒုတိယပိုင်းတွင် ဗစ်တာရုဇ်ထုတ်ခံရသည့် ၁၀ ယောက်ကျန် စပိန်ကလပ်ဘက်သို့ စတူးရစ်ချ်နှင့် လယ်လာနာတို့က ဂိုးသွင်းကြသဖြင့် ပွဲအပြီးတွင် လီဗာပူးလ် အသင်း ၃-၀ ဖြင့်အနိုင်ရခဲ့သည်။

လီဗာပူးလ်အသင်းသည် မေ ၁၈ တွင် ဘေဆယ်မြို့ရှိ စိန့်ဂျက်ကော့ပါ့ခ်ကွင်း၌ လက်ရှိချန်ပီယံဆီဗီလာအသင်းနှင့် ဗိုလ်လုပွဲ ကစားရမည် ဖြစ်သည်။

ဗိုလ်စွဲခဲ့ပါက အောက်တိုဘာကမှနည်းပြဖြစ်လာသည့် ကလော့ပ်အတွက်လီဗာပူးလ်နှင့်ရသည့်ပထမဆုံးဖလားဖြစ်သကဲ့သို့ လာမည့်နှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်နေရာတစ်နေရာလည်း ရရှိမည်ဖြစ်သည်။

ဗိုလ်လုပွဲကစားမည့် ဘေဆယ်ကွင်းမှာ ပရိသတ် ၃၈၀၀၀ သာဝင်ဆံ့သော်လည်း လီဗာပူးလ်ပရိသတ် ၅၀၀၀၀ သို့မဟုတ် တစ်သိန်းထိ ခေါ်သွားချင်ကြောင်း နှင့် ကွင်းထဲဝင်ခွင့်မရသော်လည်း ဘေဆယ်မြို့သို့ခေါ်သွားချင်ကြောင်း ကလော့ပ်က ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly