ကမ္ဘောဇဘဏ် ထိုင်းနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးအဖြစ်လိုင်စင်ရ

ကမ္ဘောဇဘဏ် ထိုင်းနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးအဖြစ်လိုင်စင်ရ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုအားအား ၂၀၁၄ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ နေ့လည်ပိုင်း တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန် ၊ မေ ၆ ။               ။ ကမ္ဘောဇဘဏ်ကို မြန်မာနိုင်ငံ ၏ ပထမဆုံးနိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံးအဖြစ် ထိုင်းနိုင်ငံ ဗဟိုဘဏ်မှ ဧပြီ ၂၈ ရက်နေ့တွင် တရားဝင်လိုင်စင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယင်းဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

ထိုင်းနိုင်ငံနှင့် နိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များနှင့် စပ်လျဉ်းသော စီးပွားရေးနှင့်ငွေကြေးဆိုင်ရာ အချက်အလက်များ စုဆောင်း တင်ပြခြင်း၊ မြန်မာနိုင်ငံ တွင် စီးပွားရေးဆက်သွယ်ဆောင်ရွက်မည့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ အား ဆက်သွယ်ညှိနှိုင်းဆောင်ရွက် ပေးခြင်း၊ ကမ္ဘောဇဘဏ်၏ နိုင်ငံခြားဘဏ်လုပ်ငန်း များအား ထောက်ကူပံ့ပိုး မှုများပြုလုပ်ပေးခြင်းအပါအဝင် ဘဏ်လုပ်ငန်း၊   ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဘဏ်ကိုယ်စားလှယ်ရုံးအပြင် ထိုင်းနိုင်ငံအတွင်း၌ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရေး အတွက် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ဆက်လက်လျှောက်ထားပြီး ခွင့်ပြုချက်နှင့်အညီ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းလုပ်သားများအပါအဝင် စီးပွားရေးလုပ်ငန်းအရပ်ရပ်အတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဘဏ်ခွဲအဆင့် ဖွင့်လှစ်ခွင့်ရရှိပြီးပါက ထိုင်း နိုင်ငံံရှိများစွာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ခန့်မှန်းခြေ -၃- သန်းခန့်)  အတွက်လည်းငွေကြေး ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ ကို ဆောင်ရွက ်ပေးနိုင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘောဇနိုင်ငံတကာဘဏ်ကိုယ်စားလှယ်ရုံး၏ တည်နေရာနှင့် ဖွင့်လှစ်မည့်ရက်ကို ကမ္ဘောဇဘဏ်မှ မကြာမီအသိပေးကြေညာ သွားမည်ဖြစ်ကြောင်းနှင့် အခြားအာဆီယံနိုင်ငံများတွင်လည်း ကမ္ဘောဇ နိုင်ငံတကာ ဘဏ်ကိုယ်စားလှယ်ရုံးများနှင့် ဘဏ်ခွဲများကို တိုးချဲ့ဖွင့်လှစ်နိုင်ရန် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကမ္ဘောဇကုမ္ပဏီများအုပ်စုကို ၁၉၉၄ ခုနှစ်တွင် ဦးအောင်ကိုဝင်းက တည်ထောင်ခဲ့ပြီး ယခုအခါ ကမ္ဘောဇ၏ ဘဏ်များ၊ လေကြောင်းလိုင်း၊ အာမခံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းနှင့် အခြားသော    ကမ္ဘောဇ၏ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသော  ဝန်ထမ်းပေါင်း ရှစ်သောင်းကျော် ရှိပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly