ဘရာဇီး အောက်လွှတ်တော် ဥက္ကဌကို တရားလွှတ်တော်ချုပ်က တာဝန်မှ ဖယ်ရှား

ဘရာဇီး အောက်လွှတ်တော် ဥက္ကဌကို တရားလွှတ်တော်ချုပ်က တာဝန်မှ ဖယ်ရှား

မေ ၆ ။           ။ ဘရာဇီးနိုင်ငံတွင် ခြစားမှုတစ်ခုကို စုံစမ်းစစ်ဆေးရန်စီစဉ်ခဲ့မှုအပေါ် ပိတ်ပင်တားဆီးခဲ့သည်ဟု ဆိုကာ မေလ ၅ ရက်တွင် တရားလွှတ်တော်ချုပ်က အောက်လွှတ်တော် ဥက္ကဌဖြစ်သူကို ရာထူးမှဖယ်ရှားလိုက်သည်။

နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းများအောက် ကျရောက်နေသော ယင်းနိုင်ငံတွင် သမ္မတ ရော့ဆက်ဖ်အား ဖြုတ်ချရန်အတွက် ၎င်းဦးဆောင်စီစဉ်ထားသည့် ပြစ်တင်စွပ်စွဲမည့် ကိစ္စရပ်မှာ လာမည့် ရက်ပိုင်းတွင် လုပ်ဆောင်သွားရန်လည်း ရှိနေသည်။

အောက်လွှတ်တော်ဥက္ကဌတာဝန်မှ ဖယ်ရှားခံခဲ့ရသော အက်ဒွါဒို ကမ်ဟာမှာ သမ္မတ ရော့ဆက်ဖ်၏ ခါးသီးသော နိုင်ငံရေး ပြိုင်ဘက်တစ်ဦးဖြစ်ကာ နိုင်ငံတွင် အထင်ပေါ်ဆုံးသော နိုင်ငံရေး သမားတစ်ဦးလည်း ဖြစ်သည်။

ယခုကဲ့သို့ ၎င်း ဖြုတ်ချခံခဲ့ရခြင်းကြောင့် အကျပ်အတည်းများဖြင့် ရုန်းကန်နေရသော တောင်အမေရိက နိုင်ငံတွင် နောက်ဆုံးဖြစ်ပေါ်လာခဲ့သော နိုင်ငံရေး အကျပ်အတည်းတစ်ခုလည်းဖြစ်လာသည်။

ဘရာဇီးနိုင်ငံသည် လက်ရှိအချိန်တွင် အကျင့်ပျက် ခြစားမှု ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ထားခဲ့သလို ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးသော စီးပွားရေး ပျက်ကပ်တစ်ခုနှင့်လည်း ရင်ဆိုင်နေရသည်။

တာဝန်ထမ်းဆောင်စဉ်အချိန်က ၎င်း၏ ရာထူးအရှိန်အဝါကို သုံးကာ အမတ်များကို ခြိမ်းခြောက်ကာ ခိုင်းစေမှုများ ရှိခဲ့သည်ဟု ဆိုသည်။ အလားတူ ဆွစ်ဇာလန်ဘဏ်တစ်ခုတွင်လည်း တရားဝင် မဖော်ပြထားသော ၎င်း၏ ဘဏ်အကောင့်တစ်ခုရှိနေခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခဲ့မှုကိုလည်း ပိတ်ပင်တားဆီးခဲ့သည်ဟု သိရသည်။

ယင်းအတွက်ကြောင့် ယခုအခါ ၎င်းအား ရာထူးမှ ဖယ်ရှားရန် အစိုးရ အဆင့်မြင့် ရှေ့နေတစ်ဦးက တောင်းဆိုခဲ့မှုအား နိုင်ငံတွင် အမြင့်ဆုံး တရားလွှတ်တော်ချုပ်က တစ်ညီတစ်ညွတ်တည်း အတည်ပြု ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်သည်။

အက်ဒွါဒိုကတော့ ၎င်းအနေဖြင့် ယခု ကိစ္စရပ်ကို အယူခံ ဝင်သွားမည်ဟု ပြောကြားသွားခဲ့သည်။ ၎င်းမှာ လက်ရှိအချိန်တွင် ခြစားမှုဖြင့် တရားလွှတ်တော်ချုပ်၏ တိုက်ရိုက် စွပ်စွဲ ဖြုတ်ချမှုကို ခံခဲ့ရသူသည့် ပါလီမန် အမတ်လည်းဖြစ်လာခဲ့သည်။

အောက်လွှတ်တော်ဥက္ကဌ တစ်ဦးဖြစ်သည့် အက်ဒွါဒိုမှာ ယင်းနိုင်ငံတွင် အကြီးအကဲ ရာထူးစဉ်တွင် တတိယအကြီးဆုံး နေရာတွင် ရှိနေသည်။ အကယ်၍ ယခုကဲ့သို့ ၎င်းဖြုတ်ချမခံရပါက လာမည့် သီတင်းပတ်တွင် အထက်လွှတ်တော်က သမ္မတ ရော့ဆက်ဖ်အား ဘက်ဂျက် ကိစ္စရပ်များဖြင့် ပြစ်တင်ဖြုတ်ချလိုက်နိုင်မည်ဆိုပါက ၎င်းမှာ ရာထူးစဉ်တွင် ဒုတိယနေရာအထိ တက်လှမ်းသွားနိုင် မည်ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly