အမျိုးသားရေးနဲ့ လူ့အခွင့်အရေး ဘယ်ဒင်းလဲ

အမျိုးသားရေးနဲ့ လူ့အခွင့်အရေး ဘယ်ဒင်းလဲ

အင်န်အယ်လ်ဒီအစိုးရသစ်တက်လာသည်မှာ ၃၅  ရက် ရှိလာပေပြီ၊ ရက်ပေါင်း ၁၀၀ ပျားရည် ဆမ်းကာလ၏ သုံးပုံတပုံဟု ပြောသော် ရနိုင်ပါသည်။ အစိုးရသစ်၏ပျားရည်ဆမ်းကာလဟု ပြောသော် လည်း တကယ်တမ်းတွင် ပျားရည်ဆမ်းမဟုတ်ဘဲ တဖြဲနှစ်ဖြဲ ပြဲကားလေအောင် လုပ်ငန်းဆောင်တာ များ ဆောင်ရွက်နေရသည်။ လူထု၏ သဘောကျသည်များလည်း ရှိသလို သဘောမကျဘဲ ဝေဖန်ပြော ဆိုသည်များလည်း ကြားရသည်။ အထူးအားဖြင့် လျှပ်စစ်မီးများ မကြာခဏပျက်သည်ကို လူထုသည် တဖြည်းဖြည်းနှင့် မကျေမလည် ဖြစ်လာကြသည်။

လျှပ်စစ်မီးထက်ပို၍ဆိုးသော ပြဿနာနှစ်ရပ်လည်း ရှိပေသည်။ ယင်းမှာ အစိုးရသစ်ကို အားစမ်းသော အမျိုးသားရေး ခေါင်းထောင်ထမှုဖြင့် အခွင့်အရေးရှုထောင့်ဘက်မှ တောင်းဆိုမှုများဖြစ် သည်။ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တရပ်တွင် ပါရှိခဲ့သော ရိုဟင်ဂျာ စကားရပ်နှင့်ပတ်သက်၍ အမျိုးသားရေးဝါဒီများက သံရုံးရှေ့တွင် ဆန္ဒပြကန့်ကွက်ကြသည်။ အခွင့်အ ရေး ရှုထောင့်တွင်လည်း စစ်ကိုင်းတိုင်းတွင်းမှ အလုပ်သမားများက အလုပ်သမား အခွင့်အရေးများကို တောင်းဆိုရာတွင် ကျေလည်သော ဖြေရှင်းတုံ့ပြန်မှုများ မရ၍ နေပြည်တော်အရောက် လမ်းလျှောက် ချီတက်မှုများကို ဆောင်ရွက်ကြသည်။

ဒီမိုကရေစီခေတ်တွင် မိမိတို့၏ သဘောဆန္ဒများကို ဥပဒေဘောင်အတွင်းမှ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ဆန္ဒထုတ်ဖော်နိုင်စွမ်းရှိသကဲ့သို့ အခွင့်အရေးရှုထောင့်ဘက်တွင်လည်း မိမိတို့၏ ဆိုင်ရာ အခွင့်အရေးများကို ဥပဒေဘောင်အတွင်းမှ တောင်းဆိုခြင်း၊ ညှိနှိုင်းခြင်း၊ စေ့စပ်ခြင်းနှင့် သပိတ်မှောက်ခြင်းများကို ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။ သို့သော် စည်းကမ်းတကျနှင့် ဆောင်ရွက်ရန် လိုပြီး နှစ်ဘက်မျှမျှတတ ညှိနှိုင်းဆောင်ရွက်တတ်ရန် လိုအပ်ပါသည်။ အရေးကြီးသည်မှာ ဆန္ဒပြမှုများ ကို ချက်ချင်းလက်ငင်း ဖိအားပေးသည့်သဘော ထုတ်မသုံးရန်နှင့် သိမ်မွေ့စွာ ကိုင်တွယ်ရမည့်ကိစ္စ များကို မကြီးကျယ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကရင်ပြည်နယ်တွင်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါး၏ ဆောင်ရွက်ချက်များကို ဘာသာ စုံမှ ပြည်သူများက သည်းခံနေရသည်ကို ကြားသိရပြန်သည်။ ယင်းမှာလည်း အင်န်အယ်လ်ဒီ အစိုးရ သစ်ကို အားစမ်းသည့်သဘောသာ ဖြစ်ပေသည်။ ယင်းဆရာတော်သည် ယခင်ခေတ်က ထိုကဲ့သို့ လွန်လွန်ကျူးကျူးဆောင်ရွက်ခဲ့သည်ကို သတင်းများတွင် မကြားမသိရဘဲ အစိုးရသစ်လက်ထက် တွင်မှ ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပြီး၊ ယင်းဒေသတွင်းမှ ဘာသာပေါင်းစုံ ပြည်သူချင်းကြားတွင် တုံ့ပြန် မှုများ မညင်သာပါက ကြီးမားသော ပြဿနာများ ဖြစ်လာနိုင်ပေသည်။

ရခိုင်ပြည်နယ်တွင်လည်း မြန်မာ့နှစ်သစ်ကူး သြင်္ကန်အခါတော်ကာလတွင် ရခိုင်တပ်မတော် (အေအေ) က မြန်မာတပ်မတော်ကို ရုတ်တရက်တိုက်ခိုက်ခဲ့ပြီးနောက် ကာလရှည်ကြာအတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ပြည်သူများ အတိဒုက္ခရောက်ခဲ့သည်။ နောက်ဆုံးတွင် မေ ပထမပတ်အတွင်း၌ လွှတ်တော်တွင်း အပြန်အလှန် ဆွေးနွေးရသည့်အဆင့် ရောက်ရှိခဲ့ပြီး ရခိုင် အမတ်၏ ရခိုင်ပြည်နယ်တွင်း စစ်ပွဲများရပ်စဲရေးအဆိုမှာ မှတ်တမ်းတင်သည့် အဆင့်တွင်ပင် ပြီးဆုံး သွားခဲ့သည်။ မြန်မာ့တပ်မတော်က ရခိုင်တပ်မတော်ကို သောင်းကျန်းသူများ၊ အကြမ်းဖက်သမားများ ဟု ခေါ်ဝေါ်ခဲ့သည်။

အင်န်အယ်လ်ဒီအစိုးရသည် အလွန်သိမ်မွေ့သော အမျိုးသားရေး၊ ဘာသာရေးနှင့် လူ့အခွင့် အရေးကိစ္စများကို အရေးတကြီးကိုင်တွယ်ရမည်ဖြစ်သည်။ တချို့ကိစ္စများကို ဖြည်းဖြည်းမှန်မှန် ကိုင်တွယ်ဆောင်ရွက်ရန်လိုပြီး၊ တချို့ကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဆောင်ရွက်နိုင်ရန် အရေးကြီး သည်။ အခြားတဖက်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးရမည်များ ရှိနေပါသည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အလျင်စလို ဆောင်ရွက်သွားမှုများ၊ ရှုပ်ထွေးပွေလီလှသော ကိစ္စများကိုလည်း တပြိုင်နက်ရှင်းနေ ရသေးသည်။

သို့ဆိုလျှင် မျက်မှောက်မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အင်န်အယ်လ်ဒီအစိုးရသည် ပြည်တွင်းတွင်ရောပြည်ပနှင့်ပါ ချောမွေ့အဆင်ပြေစွာနှင့် ရက် ၁၀၀ အတွင်း လုပ်ငန်းများ အောင်မြင် စေရန် များစွာကြိုးကုတ်အားထုတ်ကြရမည် ဖြစ်သည်။ ဤတွင် အစိုးရသစ်ကို အနှောင့်အယှက်ပေး နေသော အမျိုးသားရေးနှင့် အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများသည် အချိန်ကိုက်ပေါ်ထွက်လာနေ သည်။ အင်န်အယ်လ်ဒီအစိုးရသည် လူထုတခဲနက်ထောက်ခံမှုဖြင့် တက်လာသော အစိုးရဖြစ်သော် လည်း ပြည်သူအမျိုးမျိုး၏ ချက်ချင်းမဆိုင်း လိုချင်သော လိုအင်အထွေထွေတွင် ဦးစားပေး သတ်မှတ် ကိုင်တွယ်ရန် အရေးကြီးပေသည်။ မေးခွန်းမှာ အမျိုးသားရေးလား၊ လူ့အခွင့်အရေးလားဟူ၏ အကွက်ရွှေ့မှားလျှင် အစိုးရသစ်အတွက် အနုတ်လက္ခဏာပြမည်မှာ သေချာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly