မြန်မာ- ရုရှား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ထိုးရန် လွှတ်တော်သို့ တင်ပြ

မြန်မာ- ရုရှား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ထိုးရန် လွှတ်တော်သို့ တင်ပြ
၇၁နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့)သို့ တက်ရောက်လာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(မေလ ၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူချက်အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မေလ ၅ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြလိုက်သည်။

"နိုင်ငံတစ်ကာနှင့် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံ ကာကွယ်ရေးမူဝါဒများကို အပြန်အလှန်နားလည်ရေးကိစ္စရပ်များတွင် ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ အများအပြားတွင် ပိုမိုခိုင်မာစေရန်ရည်ရွယ်ပြီး လက်မှတ်ရေးထိုးရန် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ပြောသည်။

"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်ရန် ဖြစ်ပါသည်" ဟု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွင် ပါရှိသည်။

အဆိုပါ သဘောတူညီချက်အား လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် "စစ်ရေးဆိုင်ရာသဘောထားအမြင်ဖြင့် သတင်းအချက်များ ဖလှယ်နိုင်ခြင်း၊ အပြန်အလှန်ယုံကြည်မှုများ ခိုင်မာစေခြင်း၊ နိုင်ငံတစ်ကာလုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဆာင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် သဘောထားအမြင်နှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း၊ စစ်ဘက်ဆိုင်ရာကဏ္ဍများတွင် ဆက်ဆံမှုများ တိုးမြှင့်နိုင်ခြင်း၊ ကုလသမဂ္ဂအဖွဲ့ဦးဆောင်သော ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွေ့အကြုံများ  ဖလှယ်နိုင်ခြင်း၊ ငြိမ်းချမ်းရေးအထောက်အကူပြုလုပ်ငန်းများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ ပင်လယ်ပြင်ရှာဖွေရေးလုပ်ငန်းမျာတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်း၊ တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးနှင့် ပညာရေးနယ်ပယ်ဆိုင်ရာအတွေ့အကြုံများ၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မှာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ် မြင့်နွယ်က လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ယင်းသဘောတူညီချက်အား လက်မှတ်ရေးထိုးရေးကိစ္စအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များအနေဖြင့် မေလ ၉ရက်တွင် လွှတ်တော်ရုံးသို့ အမည်စာရင်းပေးကြရန် လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာထားသည်။ ယင်းနောက် လွှတ်တော်၏ သဘောတူညီချက်ကို ရယူမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags