နှစ်ပေါင်း ၄၀ ကြာပြီးနောက်ပိုင်း မြောက်ကိုရီးယား အာဏာရပါတီ၏ ညီလာခံ ပြန်လည်ကျင်းပမည်

နှစ်ပေါင်း ၄၀ ကြာပြီးနောက်ပိုင်း မြောက်ကိုရီးယား အာဏာရပါတီ၏ ညီလာခံ ပြန်လည်ကျင်းပမည်

မေ ၅။                    ။ မြောက်ကိုရီးယားတွင် အာဏာရ အလုပ်သမားပါတီ၏ ညီလာခံအစည်းအဝေးကို နှစ်ပေါင်း ၄၀ နီးပါးကြာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြင့် မေလ ၆ ရက်တွင် ပြန်လည် ကျင်းပသွားရန် စီစဉ်ထားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ လက်ရှိအချိန်တွင် နျူကလီးယား စမ်းသပ်မှုများဖြင့် ခြိမ်းခြောက်မှုများ ဆက်တိုက်ပြုလုပ်ထားခဲ့သော မြောက်ကိုရီးယားတွင် လက်ရှိ အာဏာရပါတီဝင်များ၏ အရေးကြီးဆုံးသော စုဝေးပွဲကြီးကို ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါ ပါတီ ညီလာခံတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂံျုအန် တက်ရောက် မိန့်ခွန်းပြောကြားသွားမည်ဟု မျှော်လင့်ရပြီး  မူဝါဒအပြောင်းအလဲများလုပ်ဆောင်ရန် အကြံပြုစာလွှာများကို အသေးစိတ် စစ်ဆေးကြည့်ရှုသွားမည်ဟု ယူဆရသည်။ အလားတူ နျူကလီးယား ခြိမ်းခြောက်မှုများ ပြုလုပ်နေလျက်ရှိသော ယင်းနိုင်ငံ၏ အုပ်ချုပ်သူ အလွှာပိုင်းတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းရသည်။

မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမား ပါတီသည် ပြီးခဲ့သည့် ၁၉၈၀ ခုနှစ်က ညီလာခံကို နောက်ဆုံးကျင်းပထားခဲ့ပြီးမှ ယခုအခါ ပြန်လည် ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။ အဆိုပါ နောက်ဆုံးညီလာခံက လက်ရှိ အသက် ၃၃ နှစ်အရွယ် ခေါင်းဆောင် ကင် ပင် မမွေးသေးဟု သိရသည်။

ယခု ကျင်းပပြုလုပ်မည့် ပါတီ ညီလာခံကို ရက်မည်မျှ ခေါ်ယူကျင်းပမည် နှင့် ညီလာခံတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဆိုသည်ကို အတိအကျ မသိရှိသေးပေ။ သို့ရာတွင်လည်း ယခုကဲ့သို့ ညီလာခံကျင်းပရခြင်းက လက်ရှိ နိုင်ငံတွင် ခေါင်းဆောင် ကင်ဂျုံအန် ၏ ဦးဆောင်မှုကို ပိုမိုခိုင်မြဲစေရန် နှင့် ကင် မိသားစု၏ အုပ်ချုပ်မှုကို စွဲမြဲစေရန် အဓိက ရည်ရွယ်ကျင်းပမည်ဖြစ်သည်ဟု ခန့်မှန်းရသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်ပြေးညီ နျူကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရမည်ဆိုသော ခေါင်းဆောင် ကင်၏ မူဝါဒကို ယခု ညီလာခံတွင် ပါတီ၏ အဓိက မူဝါဒအဖြစ် အတည်ပြုမည်ဟု   မျှော်လင့်ရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဖခင်ဖြစ်သူ သေဆုံးပြီးကတည်းက အာဏာရလာသူဖြစ်ကာ နောက်ပိုင်းတွင် ကမ္ဘာက ကန့်ကွက်နေသည့်ကြားမှ နျူကလီးယား စမ်းသပ်ချက်များကို အကြိမ်ကြိမ် လုပ်ဆောင်ထားသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly