ထိုင်းနိုင်ငံတွင် စောစီးစွာ ကျောင်းထွက်သွားကြသည့် ကျောင်းသားများကို ကျောင်းပြန်တက်ကြရန် အစိုးရက တိုက်တွန်းစည်းရုံးမည်

ထိုင်းနိုင်ငံတွင် စောစီးစွာ ကျောင်းထွက်သွားကြသည့် ကျောင်းသားများကို ကျောင်းပြန်တက်ကြရန် အစိုးရက တိုက်တွန်းစည်းရုံးမည်

မေ ၅ ။              ။ ထိုင်းနိုင်ငံတွင် ကျောင်းပညာကို ဆုံးခန်းတိုင်သည်အထိ မသင်ကြားဘဲ စာသင်ကျောင်းများမှ စောစီးစွာထွက်ခွာကာ လုပ်ငန်းခွင်တွင်းသို့ ဝင်ရောက်သွားကြသော ကျောင်းသား၊သူ များကို ကျောင်းပြန်တက်ကြရန်အတွက် ပညာရေး ဝန်ကြီးဌာနက သိမ်းသွင်းစည်းရုံးသွားမည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းနိုင်ငံတွင် ယမန်နှစ်က ကလေးငယ်ပေါင်း ၆၀၀,၀၀၀ ခန့် မှာ အလွန်ဆုံး အနေဖြင့် ကိုးတန်းအထိသာသင်ယူပြီး ကျောင်းထွက်သွားကြရာ ယခုအခါ ၎င်းတို့ကို စာသင်ခန်းတွင်းသို့   ပြန်လည်ခေါ်ယူသွားနိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနက စီစဉ်လုပ်ဆောင်နေသည်။

ယမန်နှစ်က ကျောင်းသား၊သူ ၆၀၀,၀၀၀ သို့မဟုတ် စုစုပေါင်း ကျောင်းသားဦးရေ၏ ၇ ရာခိုင်နှုန်းသည် အလယ်တန်း သို့မဟုတ် အထက်တန်းအဆင့်ထိသာ သင်ယူပြီး ကျောင်းထွက်သွားကြသည်ဟု ပညာရေး ဝန်ကြီးဌာနက စစ်တမ်းတစ်ရပ်ကောက်ယူသိရှိခဲ့သည်။ ၎င်း ကလေးငယ်များသည် အဆင့်မြင့်ပညာရပ်များနှင့် ကောလိပ်၊ တက္ကသိုလ်များကို  ဆက်လက်တက်ရောက်သင်ယူရန် မကြိုးစားတော့ဘဲ လုပ်ငန်းခွင်တွင်းသို့သာ ခြေစုံပစ် ဝင်ရောက်သွားကြခြင်းကြောင့် အစိုးရက ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

စာသင်ခန်းထဲတွင် ၎င်းကျောင်းသား၊သူများအပေါ် စိတ်ဓါတ်တက်ကြွလာစေရန်လှုံ့ဆော်ပေးနိုင်မှု အားနည်းခြင်း၊ မိဘများကလည်း သားသမီးများအပေါ် အားပေးမှု နည်းပါးခြင်း၊ မိသားစု စားဝတ်နေရေး မပြေလည်ခြင်း  စသည့် အကြောင်းအချက်များကြောင့် ကျောင်းသားများမှာ စာသင်ခန်းများထဲမှ စောစီးစွာထွက်ခွာသွားကြခြင်း ဖြစ်ကြောင်း အထက်ပါ စစ်တမ်းအရ တွေ့ရှိရသည်။

နိုင်ငံတွင် ယင်းကဲ့သို့ စောစီးစွာ ကျောင်းထွက်သွားသူ ဦးရေမှာ များပြားလာနေခြင်းကြောင့် စီးပွားရေးတိုးတက်မှုအပေါ် ဆိုးကျိုးများသက်ရောက်လာနိုင်မည့်အပေါ်တွင်လည်း အာဏာပိုင်များက စိုးရိမ်လာခဲ့ကြသည်ဟု သိရသည်။

၎င်းကျောင်းသားများ၏ ဘဝရှေ့ရေး သာယာဖြောင့်ဖြူးစေရန် နှင့် နိုင်ငံ၏ စီးပွားရေးအလားအလာကောင်းများ ရရှိလာရေးအတွက် ယခုကဲ့သို့ ကျောင်းထွက်သွားသူ ကလေးငယ်များကို   ကျောင်းပြန်တက်ကြရန် အစိုးရက တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒါပေါင် ရာတန်နာဆူဝမ်က ပြောကြားသွားသည်။

" ခုနှစ်တန်း၊ ရှစ်တန်း၊ ကိုးတန်း အထိ သင်ပြီး တဲ့ ကလေးငယ်တိုင်းဟာ အဲဒီအဆင့်မှာပဲ ရပ်မသွားပဲ နောက်ထပ် အထက်တန်း အဆင့်၊ ကောလိပ်၊ တက္ကသိုလ်တွေအထိ မဖြစ်မနေ တက်ရောက်သင်ယူသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်" ဆိုပြီး ၎င်းက ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly