မီးပွိုင့်တပ်ဆင်ရန် ရန်ကုန်အစိုးရ ကျပ်သန်းပေါင်းနှစ်သောင်း သုံးမည်

မီးပွိုင့်တပ်ဆင်ရန် ရန်ကုန်အစိုးရ ကျပ်သန်းပေါင်းနှစ်သောင်း သုံးမည်

ရန်ကုန်၊ ဇူလိုင် ၃ ။    ။ ရန်ကုန်ရှိ မီးပွိုင့်ပေါင်း အနည်းဆုံး ၆၅ပွိုင့်အား တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုရှိသော ခေတ်မီ မီးပွိုင့်စနစ် (Coordinated Signals)တပ်ဆင်ရန်ဟုဆိုကာ ရန်ကုန်အစိုးရတောင်းခံသည့် ကျပ်သန်းပေါင်း နှစ်သောင်း(၂၀ ဘီလီယံ) ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုပေးထားသည်ဟု သမ္မတရုံးဝန်ကြီးဌာန(၁)မှ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက အမျိုးသား လွှတ်တော်တွင် ဇူလိုင် ၃ရက်က ပြောသည်။
 
အဆိုပါငွေဖြင့် ခေတ်မီမီးပွိုင့်စနစ် တပ်ဆင်ရန် တင်ဒါရွေးချယ်ရေးကော်မတီအား တိုင်းအစိုးရက ဖွဲ့စည်းပြီးဖြစ်ကာ “တပ်ဆင်ပြီး သွားပါက မီးပွိုင့်နေရာတိုင်းတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တာဝန်ချထားရန်မလိုဘဲ စောင့်ကြည့်လိုသည့် နေရာတွင်သာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပါသည်” ဟု ရန်ကုန်အစိုးရအဖွဲ့ ကိုယ်စား ဒုတိယဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
မီးပွိုင့်တပ်ဆင်မည့်နေရာများမှာယဉ်ကြောပိတ်ဆို့မှုများသည့်တောင်မြောက်ဆက်သွယ်သောလမ်းမကြီးများမှပြည်လမ်းနှင့်ဝေဇယန္တာ လမ်းကြား လမ်းဆုံများနှင့် အရှေ့အနောက်ဆက်သွယ်သော လမ်းများမှ ပါရမီလမ်းနှင့် ကမ်းနားလမ်းကြား လမ်းဆုံများဖြစ်သည်။
 
“မီးပွိုင့်တစ်ခုတည်းနဲ့တော့ ကားတွေပိတ်တာကို မဖြေရှင်းနိုင်ပါဘူးဗျာ။ လုပ်ရမှာတွေ အများကြီးပါ” ဟု ရန်ကုန်မြို့မှ အသက် ၅၀ကျော်အရွယ် အငှားယဉ်မောင်းတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကလည်း မီးပွိုင့်တပ်ဆင်မှုစနစ်များမှာ ယခင် စစ်အစိုးရလက်ထက်ကတည်းက မှားယွင်းခဲ့ကြောင်း၊ ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်ရှိ မီးပွိုင့်များကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း လွှတ်တော်တွင် ထောက်ပြပြောဆိုသည်။
 
“အစိုးရပဲ လုပ်မယ်ဆိုရင်တော့ အရင်ဘူတာပဲ ဆိုက်မယ်” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ယဉ်ကြောပိတ်ဆို့မှုလျှော့ချရန် ယခုဘဏ္ဍာနှစ်အတွး ခုံးကျော်တံတား သုံးစင်းတည်ဆောက်ရန် တိုင်းလွှတ်တော်တွင် အတည်ပြု ထားပြီးလည်းဖြစ်သည်။
 
ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားသုံးစင်းမှာ တာမွေမြို့နယ်ရှိ တာမွေခုံးကျော်တံတား၊ မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားနှင့် ဗဟန်းမြို့နယ်ရှိ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားတို့ဖြစ်သည်။
 
ခုံးကျော်တံတားများတည်ဆောက်ရန် တိုင်းအစိုးရ၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ထည့်သွင်းထားပြီး တာမွေခုံးကျော်တံတား တည်ဆောက်ရန် ကျပ်သန်းပေါင်း ၂၂၅၀၀၊ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားတည်ဆောက်ရန် ကျပ်သန်းပေါင်း ၁၆၄၅၀နှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားတည်ဆောက်ရန် ကျပ်သန်းပေါင်း ၁၅၄၀၀ကုန် ကျမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဘဏ္ဍာရေး ဝန်ကြီးဖြစ်သူ ဒေါ်စန်းစန်းနွယ်က ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၃ရက်နေ့က ပြုလုပ်သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေး တွင် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly