အမှန်တကယ် ဆာလောင်မွတ်သိပ်နေချိန် စားစရာအနည်းငယ် ခိုးယူမိခြင်းက ပြစ်မှု မဟုတ်ဟု အီတလီ တရားရုံး ဆုံးဖြတ်

အမှန်တကယ် ဆာလောင်မွတ်သိပ်နေချိန် စားစရာအနည်းငယ် ခိုးယူမိခြင်းက ပြစ်မှု မဟုတ်ဟု အီတလီ တရားရုံး ဆုံးဖြတ်

မေ ၅ ။              ။ အမှန်တကယ် စားစရာ မရှိ၍ အစားအစာ အနည်းငယ်ကို ခိုးယူမိခြင်းသည် ပြစ်မှု ကျူးလွန်ရာ မရောက်ကြောင်း အီတလီ တရားရုံးတစ်ခုက ဆုံးဖြတ်ပေးလိုက်သည်ဟု CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ နိုင်ငံတွင် အမှန်တကယ် ဆာလောင်နေ၍ စားစရာ ခိုးယူမိသူ တစ်ဦးအား တရားစွဲဆိုထားမှုကို ယခုအခါ ယင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးက အပြစ်မရှိဟု ဆိုကာ ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်သည်။

အီတလီနိုင်ငံ ဂျီနိုအာမြို့တွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အိမ်ခြေယာမဲ့ တစ်ဦးသည် စားစရာ မရှိ၍ စူပါမားကတ်တစ်ခုမှ ဝက်အူချောင်းနှင့် ဒိန်ခဲ အချို့ကို ခိုးယူခဲ့ရာ လူမိသွားခဲ့ခြင်းဖြစ်သည်။ ၎င်း ခိုးယူခဲ့သည့် စားစရာ ပစ္စည်း စုစုပေါင်း တန်ဖိုးမှာ ဒေါ်လာ ၄ ဒသမ ၅၀ ( ၄ ဒသမ ၀၇ ပေါင်) မျှသာ ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ယူကရိန်းနိုင်ငံသား ရိုမန် အော်ထရီယာကော့ဗ် ဆိုသူသည် ယင်းစူပါမားကတ်တွင် ပေါင်မုန့်ချောင်း အချို့အတွက် ငွေရှင်းချိန်တွင် ၎င်း၏ ကျောဘက် ဂျာကင်အကျီနောက်ဘက်တွင် ဝှက်ထားသော စားစရာများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်း စားစရာ ခိုးယူထားကြောင်းကို အခြား ဈေးဝယ်သူတစ်ဦးက ဆိုင်တာဝန်ခံများထံသို့ အကြောင်းကြားတိုင်တန်းပြီးနောက် ရဲက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းနောက် ၂၀၁၃ ခုနှစ်တွင် ၎င်းအား ခိုးမှုဖြင့် စွဲချက်တင်ခံခဲ့ရပြီးနောက် ထောင်ဒဏ် ခြောက်လ နှင့် ဒဏ်ငွေ ၁၁၅ ဒေါ်လာ ပေးဆောင်ရန် ချမှတ်ခံခဲ့ရသည်။ အဆိုပါ အမှုကို ၎င်းက အထက်တရားရုံးများသို့ အယူခံဝင်ခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်ထိ ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

ယခု သီတင်းပတ်ထဲတွင်မူ အဆိုပါ အိမ်ယာမဲ့၏ စားစရာ ခိုးသည့် ပြစ်မှုကို အီတလီနိုင်ငံ၏ တရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီး အမှန်တကယ် ဆာလောင်မွတ်သိပ်နေချိန် စားစရာမရှိ၍ အနည်းငယ်သော စားစရာအချို့ကို ခိုးယူခြင်းက ပြစ်မှု မဟုတ်ကြောင်း ဆုံးဖြတ်ပေးလိုက်သည်။

" ဒီကိစ္စမှာက တွေ့ရတာ စွဲချက်တင်ခံရသူဟာ အခင်းဖြစ်ပွားချိန်မှာ စားစရာ အနည်းငယ်ခိုးယူ ရရှိထားတယ်လို့ တွေ့ရပါတယ်၊ ဒါပေမယ့်လည်း အဲဒီအချိန်က သူဟာ တကယ့်ကို စားစရာလည်း မရှိ၊ ဆာလောင်မွတ်သိပ်နေချိန်လည်း ဖြစ်နေပါတယ်၊ အဲဒါကြောင့် အဲဒီအချိန်မှာ သူ့အတွက်တကယ် စားစရာလိုအပ်လို့ မဖြစ်မနေ ခိုးယူလိုက်ရတာပါ၊ လူတစ်ယောက်အတွက် တကယ် စားစရာမရှိတဲ့ အချိန်မှာ တစ်ခုခုတော့ စားပေးဖို့လိုပါလိမ့်မယ်၊ ဒါ့ကြောင့် သူ့အမှုကို ပြစ်မှုတစ်ခုလို့ မသတ်မှတ်လိုက်တာဖြစ်ပါတယ်" ဟု တရားရုံးက ထုတ်ပြန်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly