မန္တလေးမြို့က စေတနာရှင် စောင်းဆရာမကြီး ဒေါ်ခင်မေ

04 May 2016
မန္တလေးမြို့က စေတနာရှင် စောင်းဆရာမကြီး ဒေါ်ခင်မေ

မန္တလေးရွှေမြို့တော်ရဲ့ တစ်နေရာမှာ မြန်မာ့ စောင်းသံသာတွေ ဝေစည်နေပါတယ်။ အခုလို ပူပြင်းလှတဲ့ နွေရာသီ နေ့လယ်ခင်းအချိန်အခါမှာ လူတစ်စုကတော့ ငြိမ့်ညောင်းသာယာတဲ့   မြန်မာ့ စောင်းဂီတကို တီးခတ် သီဆိုကြရင်းနဲ့ အပူရှိန်ကို မေ့ပျောက်နေကြပါတယ်။

ဒီအိမ်လေးဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းထားရှိရာ မန္တလေးမြို့ရဲ့ ပုံရိပ်ကို ပိုမိုအသက်သွင်းပေးနိုင်တဲ့ မြန်မာ့စောင်းပညာရှင် ဆရာကြီး ဦးမြင့်မောင်ရဲ့ အိမ်ပါ။ အခုဆို ဆရာကြီး ဆုံးပါးသွားတာ ၁၅ နှစ် ရှိပါပြီ။ ဆရာကြီး ဆုံးပါးသွားပေမယ့်လည်း  ဒီအိမ်လေးမှာ သာယာငြိမ့်ညောင်းလှတဲ့ စောင်းသံတွေကတော့ နေ့စဉ် ရှင်သန်နေဆဲပါ။

တကယ်တော့ ဒီအိမ်ဟာ မျိုးဆက်သစ် စောင်းပညာရှင်လေးတွေ စုဝေးရာ ဘူမိနက်သံ ဖြစ်နေပါတယ်။ ဒီ ဘူမိနက်သံကို အသက်သွင်းနေသူကတော့ စောင်းဆရာမကြီး ဒေါ်ခင်မေပါပဲ။ သူမကို လူအများစုက ချစ်ခင်စွာ မေမေကြီးလို့လည်း ခေါ်ကြပါတယ်။ ကွယ်လွန်သူ စောင်းဆရာကြီး ဦးမြင့်မောင်ရဲ့ ပါရမီဖြည့်ဖက် ဖြစ်ပါတယ်။ မြန်မာ့စောင်းတီးပညာကို သင်ကြားပေးနေတယ်ဆိုပေမယ့်လည်း သင်ကြားတဲ့အခါ နိုင်ငံတကာ ဂီတသင်္ကေတတွေကို အသုံးပြုပြီးမှာ သင်ပေးနေတာလည်းဖြစ်ပါတယ်။

မေမေကြီးဒေါ်ခင်မေအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ စောင်းပညာကို ဆက်လက် သင်ကြားပေးနေတာပါလဲ။ သူ့အနေနဲ့လည်း ဘယ်လိုနည်းနဲ့ စောင်းပညာ တတ်မြောက်လာခဲ့တာပါလဲ။ ဒီအကြောင်းကို ဆရာမကြီးဒေါ်ခင်မေက အခုလို ရှင်းပြပါတယ်။

“မေမေကြီးတို့ရဲ့ အကိုခေါ်တာပေါ့ ဆိုင်းဆရာကြီး ဦးစိန်လှမောင်က အမေကြီးကျောင်းတက်နေတဲ့ ကျောင်းကိုလာခေါ်ပြီးတော့မှ ပန်ထျာကျောင်းပို့လိုက်တာ။ အသက် ၁၂ နှစ်ကျော်ကျော်လောက်မှာ အဲဒီ ပန်ထျာကျောင်း ရောက်ပါတယ်။ အမေက ဘာမှကို မတီးတတ်တာ။ အိမ်မှာနေရင် အဲဒီကလေးလိုပဲ ဟိုသီချင်းအော်ဆို ဒီသူချင်းဆိုနဲ့ပေါ့ ဝါသနာပါလှချည့်လည်း မဟုတ်ဘူး။ အကိုပို့လို့သာ ပန်ထျာကျောင်း ရောက်ရတာလေ။ ဆရာက ပို့လို့သာ အဲ့စောင်းဆိုတာ သင်ရတာ။ သင်တော့လည်း အဆင်ပြေသား သင်ပေးလိုက်တာ ရတာပဲလေ။ ဝါသနာပါနေလို့လားဆိုတော့လည်း မဟုတ်ဘူး။ မြတ်မြတ်နိုးနိုးလည်း ကိုယ်က ကလေးဆိုတော့လည်း နားမလည်ဘူးပေါ့နော်။ အဲလိုနဲ့ သင်လာတာပေါ့”

အကိုဖြစ်သူရဲ့ သဘောကြောင့်သာ စောင်းပညာကို သင်ကြားခဲ့ပေမယ့် အထုံပါရမီပါသူ မေမေကြီးက ကျောင်းမှာ ထူးချွန်တဲ့ အသက်အငယ်ဆုံး ကျောင်းသူတစ်ဦး ဖြစ်ခဲ့ပါတယ်။

“အဲဒီတုန်းက အသက်က အကန့်အသတ်မရှိတော့လေ အသက်အကြီးတွေပဲ အသက် ၂၀ ကျော်တွေလည်း ပါတယ်။ အကိုကြီးတွေဆို ၂၀ ကျော် ၃၀ ဝန်းကျင်တွေအထိရှိတယ်။ အမေက ငယ်တယ်လေ။ အမေတို့ ပန်ထျာကျောင်းတက်တော့ သင်ရိုးညွှန်းတန်းရှိတယ်လေ။ ပထမနှစ်က ၁၃ ပုဒ် သင်ရတယ်။ အဲ့တော့ အမေကလည်း သင်ရင်းသင်ရင်းနဲ့ ပြီးသွားတာပဲ။ တချို့လည်း မကုန်ဘူးပေါ့နော်။ အဲဒီ ၁၃ ပုဒ် မကုန်ဘူး။ အမေက ပထမနှစ် သင်လိုက်တာ ၁၃ ပုဒ်ကုန်တယ်။ နောက်ကျတော့ ဒုတိယနှစ်အတွက် တော်တဲ့သူဆိုရင် အဲဒီမှာတစ်ခါ ဒုတိယနှစ် သီချင်းတွေအတွက် ကြိုတက်ရတယ်။ အဲဒီတော့ အမေက ဒုတိယနှစ်စာ ကြိုတက်တော့ သီချင်းလေးပုဒ် အပိုရတာပေါ့။ အဲဒီအတွက် ပထမနှစ်မှာတင် သီချင်းအပုဒ် ၁၇ နှစ်ပုဒ် ရခဲ့တယ်။

ဒုတိယနှစ်ကြတော့ သူတို့က ပြဌာန်းတာ သီချင်းက ၂၁ ပုဒ်။ အမေတို့ခေတ်ကပေါ့လေ။ အခုကျတော့ အဲ့လိုမဟုတ်တော့ဘူး။ သီချင်းတွေ လျော့တယ်ပေါ့လေ။ အဲဒါလည်း အလိုက်အထိုက်နဲ့ ပြီးတာပဲ သင်ရိုးကတော့ ကုန်တယ်။ တတိယနှစ်လည်း စောင်းသင်တန်းက သုံးနှစ်နေရတယ်လေ။ ဒုတိယနှစ်မှာ အောင်သွားလို့ရှိရင် အဲဒီ တတိယနှစ်ကို ဆက်တက်ခွင့်ရတယ်။ အခု တက္ကသိုလ် ဂုဏ်ထူးတန်းတွေ တက်ရသလိုပေါ့။ တတိယနှစ်လည်း အဲလိုပဲ သီချင်းပီးတယ်။ ဟို ပတ်ပျိုးကြီးတွေဆို ဘယ်ကျောင်းသားမှ မတက်ခဲ့ရဘူးလေ။ ဒီစောင်းသင်တန်းအနေနဲ့ ပြောတာနော်။ အမေက ထိပ်ဆုံးကပေါ့။ အမေကလည်း ကျောင်းဖွင့်ကတည်းက စရောက်တော့ တတိယနှစ်လည်း သင်ရိုးညွှန်းတန်း ကုန်ခဲ့တယ်ပေါ့။ ပညာပိုလေးတွေ တက်ရတာပေါ့နော်”

အရွယ်ရောက်လို့ အိမ်ထောင်ကျပြန်တော့လည်း စောင်းပညာရှင်ကြီး ဦးမြင့်မောင်နဲ့ မေတ္တာသက်ဝင် စုံမက်ခဲ့တာကြောင့် မေမေကြီးနှင့် မြန်မာ့ဂီတ အထူးသဖြင့် မေမေကြီးနဲ့ စောင်းပညာဟာ ပိုမိုနီးစပ်ခဲ့ရပါတယ်။

“၁၈ နှစ်ကျတော့ အိမ်ထောင်ကျပြီ။ အဲဒီ့ အိမ်ထောင်ကျပြီးတော့လည်း အနုပညာအလုပ် လုပ်ရတယ်ပေါ့နော်။ ကျောင်းကထွက်တော့ မေမေ့ကို သူက သူ့ရည်ရွယ်ချက်နဲ့ပေါ့။ မေမေကတော့ ကလေးဆိုတော့ ဘာမှနားမလည်ဘူး။ စန္ဒယားလည်း သင်ခိုင်းတယ်။ နောက် မေမေ့ရဲ့အိမ်သား ဆရာကြီး ဦးမြင့်မောင်က သူလည်း ပန်ထျာကျောင်းတက်တယ်။ မေမေ တတိယနှစ်မှာ သူက ရောက်လာတာ။ အမေက ငယ်တာငယ်တာ အတန်းကြီးတယ်သူ့ထက်။ ဆရာကြီးက စောင်းသင်တန်း သုံးနှစ်ပဲတက်တယ် ပြန်သွားတယ်။ တောင်ကြီးမှာ သင်တန်းကျောင်း ဖွင့်တယ်။ အနုပညာ သင်တန်းကျောင်း ဖွင့်တာပေါ့။ အဲ့ဒီမှာ အမေတို့က အနုပညာ တောက်လျှောက်လုပ်ခဲ့တော့ အဆက်မပြတ် လုပ်ခဲ့ရတာပေါ့လေ။ ကိုယ်ပိုင်ကျောင်းလေး ဖွင့်တာပေါ့။ အစိုးရကျောင်းမဟုတ်ဘူး ကိုယ်ပိုင်ကျောင်း။ သူက ရည်ရွယ်ချက်က စန္ဒယား၊ ပတ္တလား သင်ခိုင်းတာ တောင်ကြီးကျတော့ ကိုယ့်ကျောင်းနဲ့ ကိုယ်ကျတော့ ပတ္တလားသင်တန်းကော တက်ရအောင်ဆိုပြီးတော့ အမေ့ကို သင်ခိုင်းတယ်”

နောက်ဆုံးတော့ ဝါသနာအရင်းခံနဲ့ စောင်းပညာကို သင်ယူခဲ့သူမဟုတ်ခဲ့တဲ့ မေမေကြီးဟာ စေတနာအရင်းခံနဲ့ စောင်းပညာကို လက်ဆင့်ကမ်း သင်ကြားပေးသူ ဖြစ်လာခဲ့ပါတယ်။

“စိတ်ချမ်းသာတယ်ပေါ့နော် ကိုယ်ဒီအသံလေးတွေ ကြားနေရတော့။ အဲဒီတော့ သူတို့လေးတွေ ပိုပြီးတော့မှ ဖြစ်ဖြစ်မြောက်မြောက်ဆိုတော့ ဝမ်းသာတယ်ပေါ့။ အခုလိုလာတက်နေတော့ စိတ်ချမ်းသာတယ်။ အမေက တစ်ခါတစ်လေလည်း တွေးတယ်ပေါ့နော်။ ဆရာထားခဲ့တဲ့ အရာက ဒါ ဆရာ့ပညာတွေပဲ အမေပြနေတာတွေက အင်တာနေရှင်နယ် နုတ်(International Note)နဲ့ ရေးပေးခဲ့တာ အများကြီးပဲ။ အမေ့ဦးနှောက်နဲ့ ဘယ်မှတ်နိုင်မလဲ။ ဆရာကြီးရေးပေးထားခဲ့တာပေါ့။ ပြီးတော့ ဆရာက တစ်မျိုးရှိတယ်။ ဘဘကလေ သမီးတို့ ဘဘက သမီးက တအားတော်တော့လေ တော်သလို ရေးပေးခဲ့တယ်။

အမေက နည်းနည်းညံ့နေတယ်။ ညံ့တော့ ညံ့သလိုရေးတယ်ဆိုတော့ ဒီသမီးက အနေတော်လောက်ပဲတော်တယ် ဒီသားကလည်း တော်ရုံသင့်ရုံပဲ တော်တယ်ဆိုရင် သူက အကွက်တွေ အများကြီးပဲ သီချင်းတစ်ပုဒ်တည်းမှာတင် သုံးလေးမျိုးလောက်ရှိတယ်။ အဲ့တော့ အမေ့တွက် အဆင်ပြေနေတယ်။ ညံ့တဲ့ တပည့်လေးလာတော့လည်း ညံ့သလိုလေးပြပေါ့။ တော်တာကြတော့လည်း တော်သလိုပေါ့။ ကိုယ့်ဦးနှောက်နဲ့ တက်နိုင်သလောက်ကလေးပဲ ဘဘပညာတွေနဲ့ချည်းပဲ။ ကိုယ့်ဦးနှောက်နဲ့ကိုယ်ဆို မမှတ်နိုင်ဘူး။ သူတို့လေးတွေ အဲ့လိုလေးတွေဆိုတော့ ကျေနပ်တယ်။ ဒါပေမယ့် အော် ငါများမရှိရင် အင်တာနေရှင်နယ် တတ်တဲ့သူကလည်း နည်းတယ်လေ။ ဘယ်သူတွေက လုပ်ကြမလဲ။ အဲလိုလေးတော့ စိတ်ပူတာပေါ့နော်”

ဒေါ်ခင်မေဟာ ခင်ပွန်းဖြစ်သူ ဆရာကြီးရဲ့ ပါရမီဖြည့်ဖတ်ကောင်း ဖြစ်ခဲ့တဲ့အပြင် သားသမီးတွေကိုလည်း ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်ကောင်းလည်း ဖြစ်ခဲ့ပါတယ်။

“မိန်းကလေး ၄ ယောက် ယောကျ်ားလေးက ၁ ယောက် အငယ်ဆုံးက သားလေးပေါ့။ ခုနသားလေးက မွေးစားသား။ အကုန်လုံး အိမ်ထောင်ကျပြီးပြီ။ နံပါတ်နှစ် သမီးလေးပဲ အပျို။ အငယ်ဆုံးက သားပေါ့။ သားလည်း အိမ်ထောင်ကျပြီး ကလေးတစ်ယောက်  ရှိတယ်။ မြေးက အမေက ရှစ်ယောက်ရှိတယ်”

အခုတွေ့နေရတာကတော့ မေမေကြီးရဲ့ တပည့်ကျော်လေးတွေပါ။ အသက်အရွယ်တွေက ငယ်ကြပေမယ့် ဆရာကောင်းတပည့် ပန်းကောင်းပန်ကြဆိုသလို သူတို့ရဲ့ စောင်းနတ်သံတွေဟာ နားဝင်ချိုသံ ရှိကြပါတယ်။

“သူတို့က သင်ချင်တယ်ဆိုတော့ အမေကတော့ ၁၀ နာရီ နောက်ပိုင်းအားတယ်။ ၁၀ နာရီဆိုတော့ ချက်ရပြုတ်ရတယ်။ အခုထိ ကိုယ့်ဘာသာချက်တယ်။ ဆွမ်းတော်နဲ့ ဖုန်းကြီးဆွမ်းလောင်းတာဆိုတော့ ၁၀ နာရီ နောက်ပိုင်းယူ။ ၁၁-၁၂ ပေါ့။ ၁၁ ကနေ အချိန် ကြိုက်သလောက် ညနေ ၅ နာရီလောက်ထိပေါ့နော်။ သူတို့လေးတွေ သူတို့အားတဲ့အချိန်ပေါ့။ တစ်ချို့ကလည်း မပြန်ဘူး တစ်နေ့လုံးပေါ့ စားတာသောက်တာအထိ နေကြတယ်။ တစ်ချို့ကလည်း သူ့အလုပ် ကိုယ့်အလုပ်နဲ့ဆိုတော့ သူ့နာရီးပြီးရင် ပြန်ကြတယ်ပေါ့။ နေ့တိုင်းပဲ အဲ့ဒါ။

အခုအိမ်မှာ ဘယ်သူလာသင်သင် ပထမတော့ စိမ်းနေတာပေါ့နော်။ စားစရာသောက်စရာ ထမင်းစားတန်ရင် ထမင်းစားတယ်ပေါ့။ မုန့်နဲ့တန်ရင် မုန့်နဲ့ ပြီးသွားတာရှိတယ်။ ဒီအိမ်ကိုလာတော့ တပည့်တွေကို ကိုယ့်သားသမီးတွေ ခရီးဝေးကလာသလိုပဲ ကိုယ်က ခံစားရတယ်။ ကိုယ့်သားသမီးတွေလာသင်လို့ရှိရင် ဘယ်သူ့ဖြစ်ဖြစ်ပါ။ ဒီတပည့်ချစ်လို့ ဒီတပည့်ကျမှ မဟုတ်ပါဘူး။ အကုန်လုံး တပည့်တွေ အတူတူပါပဲ။ စေတနာကို ဘယ်သူ့အပေါ်ဖြစ်ဖြစ် အပြည့်ထားတာပါ။ ရင်းတာရယ် ဖျားတာရယ် အမေတို့အပေါ်မှာ မရှိပါဘူး။ အမေကြီးကတော့ ချဲ့တာရယ် လျော့တာရယ်တော့ မရှိပါဘူး။ လာရင်လာသလောက် သင်ပေးလိုက်တာပဲ။

တစ်ခါတစ်လေဆို လှဲတောင် မလှဲရဘူး။ အခုလို စနေဆိုရင် ပိုများတယ်။ တချို့ကလေးတွေကလည်း ချိန်ဆတယ်ပေါ့နေယ်။ အိမ်ကပေးတဲ့ ပိုက်ဆံနဲ့။ ပိုက်ဆံပေးရတယ် မှတ်တာလေ။ အမေကြီးရယ်တဲ့ ဉာဏ်ပူဇော်ခများ ဘယ်လောက်ပေးရမလဲတဲ့။ အဲဒါလဲ ဘာတုန်းဆိုတော့ ဆေးကျောင်းသားက ဆေးကျောင်းသားတွေ များနေပါလားလို့။ အဲ့တော့ လာခဲ့ မင်းသင်ချင်တဲ့အချိန်သာ လာခဲ့ သင်ပေးမယ်ဆိုတော့ မေမေကြီးနဲ့ နီးတယ်တဲ့။ ဒီဘက်မှာ ဆေးကျောင်းသား အဆောင်တွေရှိတယ်လေ။ ဆေးကျောင်းသားတွေ နေကြတာ။ မင်းတို့စာ မင်းတို့နိုင်တယ်ဆိုရင် လာသင်လှည့်လို့ သင်ပေးတယ်”

အခုဆို မေမေကြီးရဲ့ အသက်ဟာ ၇၄ နှစ် ရှိနေပါပြီ။ အမှန်တော့ မြေးအရွယ် တပည့်ငယ်လေးတွေအဖို့ ဆရာမကြီး ဒေါ်ခင်မေကို မေမေကြီးလို့ ခေါ်မယ့်အစား ဖွားဖွားကြီးလို့ ခေါ်ရမယ့် အရွယ်ကို ရောက်နေပါပြီ။ ဒါပေမယ့် တပည့်တွေအပေါ်မှာ မိခင်ကြီးသဖွယ် မေတ္တာ စေတနာ ထားနိုင်လွန်းတဲ့ ဒေါ်ခင်မေဟာ မေမေကြီးဆိုတဲ့ အခေါ်အဝေါ်နဲ့သာ လိုက်ဖက်လွန်းနေပါတယ်။   မေမေကြီးတစ်ယောက်ကတော့ ကျန်းမာသန်စွမ်းနေသ၍ စောင်းပညာရှင် မျိုးဆက်သစ်လေးတွေကို ဆက်လက် မွေးထုတ်ပေးနေဦးမှာ ဖြစ်သလို မေမေကြီးရဲ့ အိမ်ဂေဟာလေးမှာလည်း သာယာငြိမ့်ညောင်းတဲ့ တပည့်တွေရဲ့ စောင်းလက်သံလေးတွေကို ကြားနေရဦးမှာ ဖြစ်ပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly