သဘာဝဘေးအန္တရာယ် ကြိုတင်အသိပညာပေးလှုပ်ရှားမှု ရခိုင်တွင် ပြုလုပ်

သဘာဝဘေးအန္တရာယ် ကြိုတင်အသိပညာပေးလှုပ်ရှားမှု ရခိုင်တွင် ပြုလုပ်
ပေါက်တောမြို့နယ်တွင်ပြုလုပ်ခဲ့ သည့် သဘာဝဘေးအန္တရာယ် ကြိုတင်အသိပညာပေးလှုပ်ရှားမှု (ဓာတ်ပုံ - ကျော်မင်း/မဇ္ဈိမ)

 မေ ၄ ရက် ။                 ။ ကိုမန်၊ ဂီရိ အစရှိသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ခဲ့ကြရသည့် ရခိုင်ဒေသတွင် သဘာဝဘေးအန္တရာယ်များ ထပ်မံ ကျရောက်လာမည်ဆိုပါက အသက်အန္တရာယ်ကို ကာကွယ်တတ်ရန်နှင့် အရေးပေါ်အခြေအနေများတွင် လှုပ်ရှားသွားလာတတ်ရန် ကြိုတင်အသိပညာပေးလှုပ်ရှားမှုများကို ရခိုင်ပြည်နယ်တွင် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ကနဦး အစီအစဉ်အဖြစ် ပေါက်တောမြို့နယ်တွင် မေလ ၄ ရက်နေ့တွင် စတင်ခဲ့ပြီး ဒေသခံ ၂၀၀ ကျော်က လာရောက် လေ့လာခဲ့သည်။

အသိပညာပေးဆောင်ရွက်ရာတွင် သရုပ်ပြလေ့ကျင့်မှု၊ ရှောင်ရန်၊ ဆောင်ရန်နှင့် အရေးပေါ်အခြေအနေများတွင် လှုပ်ရှားသွားလာရမည့် ပုံစံများကို လေ့ကျင့်သင်ကြားခဲ့ကြောင်း သိရသည်။

အစီအစဉ်ကို ဦးဆောင် စီမံခန့်ခွဲသည့် ရခိုင်ပြည်နယ် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ ဦးကျော်မင်းက မဇ္ဈိမကို ယခုလို ပြောကြားခဲ့သည်။

" ရခိုင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ ဘယ်သူမှ ထိခိုက်ဆုံးရှုံးမှုဖြစ်ဖို့ မလိုလားပါဘူး။ ဒါကြောင့်လည်း ကြိုတင် အသိပညာပေး လှုပ်ရှားမှုတွေကို   ဆောင်ရွက်ပြီးတော့မှ ပြည်သူတွေကို သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့အခါ အသက်အန္တရာယ်မှ လွတ်ကင်းပြီး ရှင်သန်နိုင်ဖို့ ခုလို ပြုလုပ်ရတာဖြစ်ပါတယ်။"

စွမ်းရည်မြင့် သင်တန်းများကို ပေါက်တောမြို့တွင် စတင်ပြုလုပ်ခြင်းဖြစ်ကာ၊ စစ်တွေ၊ မြေပုံ၊ မောင်တော၊ မင်းပြားနှင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများကို ဦးစားပေး လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly