တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို မပြင်ဆင်လိုကြောင်း အစိုးရနှင့် အဆင့်မြင့်ကိုယ်စားလှယ်တို့ ဆွေးနွေး

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို မပြင်ဆင်လိုကြောင်း အစိုးရနှင့် အဆင့်မြင့်ကိုယ်စားလှယ်တို့ ဆွေးနွေး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၃ရက်က တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-ဖနိဒါ)

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD) တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇူလိုင် ၃ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း NCA ကို မပြင်ဆင်လိုကြောင်း ဆွေးနွေးခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

“ဒီနေ့ ဆွေးနွေးတာက အန်စီအေ စာချုပ်ကြီးကို မပြင်ချင်ဘူး။ မဖျက်ချင်ဘူး။ အဲတော့ နောက်ထပ် လော်ခီးလာ ညီလာခံက တက်လာတဲ့ အချက် ၁၂ ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ ထည့်ပါဆိုပြီး ကျွန်တော်တို့ အနေနဲ့ တောင်းဆိုတာပေ့ါ။ သူတို့ကိုလည်း ပစ်ပယ်တာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ဘက်က request လုပ်တာ”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဇွန်လ ၂ ရက်မှ ၉ ရက်ထိ ကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လော်ခီးလာ ဆုံးဖြတ်ချက်အရ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က ဆက်လက် အကောင်အထည်ဖော်ရန်ဟူသော ရပ်တည်ချက်နှင့် အစိုးရ၏ တင်ပြချက်များအပေါ် ဇူလိုင် ၄ရက်တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်ကြောင်း ပူးဇင်ကျုံးက ပြောသည်။

“အစိုးရအပိုင်းကတော့ သူရဲ့အနေအထားနဲ့ သူတို့ရဲ့ လက်ခံနိုင်တဲ့အနေအထားမျိုးကို တင်ပြတာလည်း ဖြစ်ပါတယ်။ နောက် အတည်ပြုမူကြမ်းက မပြင်ရဘူးလို့ အစိုးရဘက်ကရော အန်စီစီတီကရော မပြောပါဘူး။ ပြင်လို့ရတယ်။ နှစ်ဖက် ထုတ်ပြန်ထားပြီးသား ဖြစ်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးကို ဇွန်လ ၄ ရက်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ကာ ရရှိလာသည့် သဘောတူညီချက်များကို UPWC ဘက်မှ အထက်သို့ ပြန်လည် တင်ပြသွားမည် ဖြစ်ပြီး၊ သဘောတူညီမှု ရရှိပါက ရန်ကုန်မြို့တွင် နှစ်ဖက် ပြန်လည် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

SD မှ ဒုတိယအဖွဲ့ ခေါင်းဆောင် (၂) ပူးဇင်ကျုံးက “ဒီကနေ့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ အဓိက အနေနဲ့ ရလိုက်တာကတော့ SD နဲ့ UPWC ကြားထဲမှာ ကြိုတင် ညှိနှိုင်းအစည်းအဝေးကြီး ဖြစ်တယ်။ ဒါက ဆွေးနွေးပွဲကို စလိုက်တာ ဖြစ်တယ်လို့ နှစ်ဖက်ကြားမှာ သဘောတူညီချက် ရလိုက်တယ်” ဟု သတင်းထောက်များကို ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ လုပ်ဆောင်နေနေပြီး ယနေ့ UPWC နှင့် SD အဖွဲ့တို့ ပထမဆုံး အကြိမ်တွေ့ဆုံဆွေးခြင်း ဖြစ်၍ တစ်စုံတစ်ရာ ဆုံဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ 

UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation) တို့ အစည်းအဝေးတွင် တွေ့ဆုံ ဆွေးနွေးရေး ဆက်လက် ညှိနှိုင်းအဖြေရှာရေး လမ်းကြောင်းကို အဓိက သွားရန် ဆန္ဒရှိကြောင်းနှင့် ဆုံးဖြတ်ချက်လည်း ရှိကြောင်း  အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၏ အဖွင့်မိန့်ခွန်းတွင် ဖော်ပြထားသည်။

ဆွေးနွေးမှုတွင် SD ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၊ ဒုတိယ ခေါင်းဆောင် ဒေါက်တာလဂျာ၊ ဒုတိယအဖွဲ့ ခေါင်းဆောင် (၂) ပူးဇင်ကျုံး ခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ် ၁၀ ဦးကျော် တက်ရောက်ခဲ့ပြီး UPWC ဒုဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ MPC မှ အလုပ်အဖွဲ့များဖြစ်သော ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက်တာ မင်းဇော်၊ ဦးအောင်နိုင်ဦးနှင့် ဦးညိုအုန်းမြင့်တို့ အပါအဝင် ၇ ဦးသည် တက်ရောက် ဆွေးဆွေးခဲ့သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များ၏ ချင်းမိုင်ခရီးစဉ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့နှင့်လည်း သီးခြားဆီ တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။ လာမည့် ဇူလိုင်လ ၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly