ထိုင်းတွင် အခြေခံဥပဒေသစ်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမတိုင်မီ ရိုင်းစိုင်းစွာဝေဖန်ဆွေးနွေးမှုများကို ဥပဒေဖြင့် ပိတ်ပင်

ထိုင်းတွင် အခြေခံဥပဒေသစ်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမတိုင်မီ ရိုင်းစိုင်းစွာဝေဖန်ဆွေးနွေးမှုများကို ဥပဒေဖြင့် ပိတ်ပင်

ဘန်ကောက်၊ မေ၊ ၃ ။             ။ ထိုင်းနိုင်ငံတွင် စစ်အစိုးရရေးဆွဲထားသည့် အခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မကျင်းပမီကာလအတွင်းတွင် ယင်းအခြေခံဥပဒေနှင့်ပတ်သက်ပြီး ကြမ်းတမ်းရိုင်းစိုင်းစွာဝေဖန်မှုများကို ဥပဒေပြဌာန်းပိတ်ပင်လိုက်သည်။

၂၀၁၄ ခုနှစ်၊ မေလအတွင်းက အာဏာသိမ်းယူခဲ့သော ထိုင်းစစ်အစိုးရသည် သြဂုတ်လ၊ ၇ ရက်နေ့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မတိုင်မီတွင် အခြေခံဥပဒေသစ် နှင့်ပတ်သက်ပြီး စည်းရုံးမှုများ၊   ဆွေးနွေးမှုများကို အချက် ၁၄ ချက်ဖြင့် တင်းတင်းကြပ်ကြပ် ကန့်သတ်တားမြစ်လိုက်သည်။

အဆိုပါအချက် ၁၄ ချက်ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့က ဥပဒေအဖြစ် တရားဝင်ပြဌာန်းလိုက်ပြီး ဖြစ်သည်။

ထိုဥပဒေအရ ထိုင်းနိုင်ငံသားများသည် အခြေခံဥပဒေအသစ်နှင့်ပတ်သက်သော ၎င်းတို့၏အမြင်များကို မူရင်းအကြောင်း အရာ၊ အချက်အလက်များလွဲမှားမှုမရှိစေဘဲ ယဉ်ကျေးစွာ   ပြောဆိုဆွေးနွေးရမည်ဖြစ်သည်။

မီဒီယာများနှင့်တွေ့ဆုံပြောကြားရာတွင် အခြေခံဥပဒေနှင့်ပတ်သက်ပြီး ကြမ်းတမ်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းများကို တားမြစ်ထားပြီး အခြားသူများကို လှုံ့ဆော်စည်းရုံးသည့် တီရှပ်များ၊ ဖဲပြားများ စသည်တို့ဖြန့်ဝေခြင်းကိုလည်း ပိတ်ပင်ထားသည်။

အကယ်၍တားမြစ်ထားသည့်အချက်များကို ဖောက်ဖျက်ခဲ့မည်ဆိုပါက အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ၁၀ နှစ်အထိပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။

အခြေခံဥပဒေပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် ထိုင်းစစ်အစိုးရ၏ လူကြိုက်များမှုနှုန်းကို စမ်းသပ်မှုတစ်ရပ်ဖြစ်လာမည်ဖြစ်ပြီး ထိုင်းနိုင်ငံရေးအတွက်အရေးကြီးသည့် အလှည့်အပြောင်းတစ်ရပ်လည်း   ဖြစ်လာမည်ဟု လေ့လာသူများက သုံးသပ်လျှက်ရှိသည်။

အခြေခံဥပဒေကို လူအများစုကကန့်ကွက်ခဲ့လျှင်လည်း ရွေးကောက်ပွဲကို နောက်အကျဆုံး ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ကျင်းပပေးသွားမည်ဟု ထိုင်းအာဏာသိမ်းအစိုးရက ကတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly