ကနေဒါသံအမတ်ကြီး ပြောသည့် ဖွံ့ဖြိုးရေး၊ ဖက်ဒရယ်စနစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး

ကနေဒါသံအမတ်ကြီး ပြောသည့် ဖွံ့ဖြိုးရေး၊ ဖက်ဒရယ်စနစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဓာတ်ပုံ သက်ကို 

ကနေဒါနိုင်ငံခြားရေးဝန်ကြီး စတက်ဖနီဒီယွန် မြန်မာပြည်သို့ လာရောက်လည်ပတ်ပြီး ချက်ချင်းဆိုသလိုပင် မဇ္ဈိမသတင်းဌာနသည် ကနေဒါသံအမတ်ကြီး မစ္စတာမက်ဒိုးဝဲလ်နှင့်တွေ့ဆုံကာ ယခုကဲ့သို့အရေးပါသည့် အခါသမယတွင် မြန်မာနှင့်ကနေဒါထိတွေ့ဆက်ဆံမှုအကြောင်း နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး၏ခရီးစဉ် အကြောင်းတို့ကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။

ဤတွေ့ဆုံမေးမြန်းခန်းကို သြင်္ကန်ရုံးပိတ်ရက်မတိုင်မီကလေးတွင် ရန်ကုန်ရှိကနေဒါသံရုံး၌ မဇ္ဈိမအယ်ဒီတာချုပ် ဦးစိုးမြင့်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မေး။ ပထမဆုံးခင်ဗျားတို့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာစတက်ဖနီဒီယွန် ရဲ့ခရီးစဉ်အကြောင်းကို ပြောပြပေးပါ လား။

ဖြေ။ အခုဘဲ ကျွန်တော်သူ့ကိုလေဆိပ်ကိုလိုက်ပို့ပြီး ပြန်လာတာကျွန်တော့် ရုံးခန်းကိုပြန်ရောက်တာ နာရီပိုင်းလေး ဘဲရှိပါသေးတယ်။ တကယ်တော့ဒီခရီးစဉ်ကအလုပ်တွေအပြည့်နဲ့ခရီးစဉ်ပါ။ သူကိုဒီကိုလာတာ ၄၈ နာရီ မပြည့်ပါဘူး။ ဒါပေမဲ့ ရန်ကုန်နဲ့နေပြည်တော်မှာ အစည်းအဝေး ၁၅ ခုလုပ်ခဲ့ပါတယ်။ ကျွန်တော်သူ့အတွက် တကယ့်ကိုစိတ်မကောင်းပါဘူး။ ကနေဒါကနေဒီကို လေယာဉ် ၂၄ နာရီကျော်စီးရပါတယ်။ လေယဉ်ကဆင်းဆင်းချင်း အစည်းအဝေးခန်းထဲတန်းဝင်ရပါတယ်။ အထင်ရှားဆုံးအစည်းအဝေးတွေကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့   နိုင်ငံခြားရေးဝန်ကြီးချင်း အစည်းအဝေးပါ။ သမ္မတနဲ့လဲတွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်မှာလဲ အစည်းအဝေးတွေလုပ်ခဲ့ပြီး လွှတ်တော်အမတ်တွေနဲ့တွေ့ခဲ့ပါတယ်။ ကနေဒါအမတ်တွေနဲ့မြန်မာအမတ်တွေ အကြားဆက်ဆံရေးစတင်ထူထောင် ရတဲ့အခွင့်အလမ်းကောင်းကိုလဲရရှိခဲ့ပါတယ်။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က နိုင်ငံခြားဆက်ဆံရေး ကော်မတီတွေနဲ့လဲတွေ့ခဲ့ပါတယ်။ ကနေဒါအမတ်တွေနဲ့ မြန်မာ အမတ်တွေအကြား မြန်မာပါလီမန်မိတ်ဆွေများအဖွဲ့ ထူထောင်ရေးစတင်လုပ်ဆောင်ဖို့ အချက်တွေကိုလဲ ဆွေးနွေးခဲ့ပါတယ်။

ဒါတွေကနေပြည်တော်မှာ ကျွန်တော်တို့လုပ်ခဲ့တာတွေထဲက တစိတ်တပိုင်းပါ။ ရန်ကုန်မှာလဲအလွန်စိတ်ဝင်စား စရာကောင်းတွေအစီအစဉ်တွေရှိခဲ့ပါတယ်။ ဒီထဲကတချို့ကတော့   ဒေသခံနဲ့နိုင်ငံခြားသားပညာရှင်တွေ ကျွမ်းကျင်သူတွေနဲ့တွေ့ပြီးအသေးစိတ်ဆွေးနွေးပြောဆိုတာတွေ ပြီးတော့ လူ့အခွင့်အရေးကာကွယ်စောင့်   ရှောက်သူတွေ၊ ဒေသခံအောက်ခြေ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ သံရုံးမှာနာရီ ပေါင်းများစွာတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါတွေကိုနောက်ထပ်အသေးစိတ်ပြောပြနိုင်ပါတယ်။ သူ့ကိုအစည်းအဝေးခန်းထဲမှာ တချိန်လုံးကုလားထိုင်ပေါ်ထိုင်ပြီး ဆွေးနွေးနေရတာမျိုးမဖြစ်စေချင်လို့ ရန်ကုန်မြို့ထဲလဲ လျှောက်ပြခဲ့ပါတယ်။ အတွင်းဝန်ရုံးကိုရောက်ခဲ့ပါတယ်။ သမိုင်းဝင်ရန်ကုန်မြို့ထဲမှာ အကြာ ကြီးလမ်းလျှောက်လည်ပတ်ခဲ့ပါတယ်။ အတွင်းဝန်ရုံးကိုလဲဓါတ်ပုံရိုက်ရုံ သက်သက်ရောက်ခဲ့တာမဟုတ်ပါဘူး သမိုင်းဝင်မြို့တော်ဟောင်းကြီးရန်ကုန်ရဲ့ တကယ့်ဘ၀ တကယ့်အခြေအနေကို သိစေချင်ခဲ့တာပါ။ ရွှေတိဂုံ စေတီကိုလဲရောက်ခဲ့ပါတယ်။ ရန်ကုန်ကိုပထမဆုံးရောက်ဖူးတဲ့ နိုင်ငံခြားသားတယောက်အတွက် ရွှေတိဂုံ ဟာ တကယ့်ကိုအံ့သြတကြီးဖြစ်ရတဲ့နေရာပါ။

မေး။ အစိုးရနဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တော့ ဘယ်ပြဿနာတွေကို နှစ်ဘက်လုံးကအဓိကထား ဆွေးနွေးခဲ့ပါသလဲ။ ဘာတွေသဘောတူခဲ့ပါသလဲ။

ဖြေ။ ဒီခရီးစဉ်ဟာ သူ့အတွက် (မစ္စတာဒီယွန်အတွက်) ပထမဆုံးတွေ့ဆုံဆွေးနွေးတာဖြစ်လို့ အစိုးရသစ်က အဖွဲ့ဝင်တွေအကြောင်း မိတ်ဆက်သဘောသိရှိရုံလောက်ဘဲဖြစ်ပါတယ်။ သတင်းစာထဲမှာ ပါလာတဲ့ဟာတခု ကတော့ ကနေဒါနိုင်ငံရဲ့ မြန်မာပြည်တွင်းမှာ လုပ်မယ့် စီမံကိန်းကြီးတွေရဲ့ ပထမအသုတ်အဖြစ်မကြာမီရောက် လာတော့မယ်ဆိုတဲ့သတင်းဘဲဖြစ်ပါတယ်။ ငွေပမာဏကို ၄၄ သန်းလို့ဖော်ပြထားပေမဲ့ ဒါဟာမကြာခင် လာတော့မယ့် ဖွ့ံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းတွေရဲ့ပဏာမသာဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

ကျွန်တော်တို့ လေ့လာသုံးသပ်နေတဲ့ မတူခြားနားတဲ့ နယ်ပယ်နှစ်ခုအကြောင်း နမူနာနှစ်ခုပြောပြချင်ပါတယ်။ ဖက်ဒရယ်စနစ်အကြောင်းသုတေသနလုပ်ဘို့ သင်တန်းတွေပေးဖို့ အော့တာဝါအခြေစိုက် Forum of Federations နဲ့ မြန်မာနိုင်ငံက ဗေဒါအင်စတီကျုတို့ကို အထောက်အပံ့ပေးမယ့်အစီအစဉ်ပါ။ ကျွန်တော်တို့အား လုံးသိထားကြတာ အဓိကနိုင်ငံရေးပါတီကြီးတွေ အားလုံး သဘောတူထားကြတာက မြန်မာပြည်သူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သွားမယ့်ပန်းတိုင်က ဒီမိုကရေစီဖက်ဒရယ်စနစ်ကို သွားကြဘို့ဖြစ်ပါတယ်။ Form of Federations အဖွဲ့က ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေက အကောင်းဆုံးလုပ်ဆောင်ချက် တွေ အတွေ့အကြုံတွေကို စုဆောင်းသုတေသနလုပ်ပြီး ဖက်ဒရယ်စနစ်ကိုပြောင်းလဲကျင့်သုံးဘို့လုပ်ဆောင်နေ တဲ့နိုင်ငံတွေ ဒါမှမဟုတ် သူတို့နိုင်ငံကဖက်ဒရယ်စနစ်ကိုပိုကောင်းအောင်လုပ်လိုတဲ့နိုင်ငံတွေကို ပြန်လည် မျှေ၀ ဆွေးနွေးပေးနေတဲ့အဖွဲ့အစည်းပါ။ ဒီသင်တန်းကတော့နှစ်အချို့ကြာအောင်လုပ်ရမယ့်အစီအစဉ်ပါ။ ဒီ အစီအစဉ်ကို ကနေဒါနိုင်ငံက မြန်မာနိုင်ငံမှာ ဒီလောက်မကြီးတဲ့အတိုင်းအတာနဲ့ ၂ နှစ်လောက်လုပ်ခဲ့ပြီးပါ ပြီ။ ဒီချုပ်လွှတ်တော်အမတ်အများအပြားလဲ တက်ရောက်ခဲ့ကြပါတယ်။   နေပြည်တော်မှာလုပ်ခဲ့တဲ့အစည်း အဝေးတခုက Forum of Federations ကလုပ်တဲ့ဒီသင်တန်းကိုတက်ရောက်ခဲ့တဲ့ လွှတ်တော်အမတ်တွေ နဲ့ပါ။ အားလုံးသဘောတူညီကြတာက ဒီသင်တန်းဟာ   အောင်မြင်တယ် အသုံးတည့်တယ် ဒီတော့ အဆင့် မြှင့်တိုးချ့ဲသင့်တယ်ဆိုတာဘဲ ဖြစ်ပါတယ်။ ဒီတော့နိုင်ငံတော်အဆင့် ဒေါ်လာသန်းအချို့ကုန်ကျမယ့်သင်တန်း လုပ်မယ်။ ပြီးတော့တိုင်းနဲ့ပြည်နယ်   ဒေသန္တရ အဆင့်တွေမှာလဲ လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ဒါကျွန်တော်တို့ကြေညာခဲ့တဲ့ စီမံကိန်းတွေထဲကပုံစံတခုပါ။ နောက်တခုကတော့ကျေးလက်ဒေသက အမျိုးသမီး လုပ်ငန်းရှင်တွေကို   ပေးမဲ့သင်တန်းတွေပါ။ ကျွန်တော်တို့ဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုးဟာကျားမတန်းတူရေးကို အလွန်စိတ်ဝင်စားသူတဦးပါ။ ဒီတော့ဒီကိစ္စကိုဒီမှာရှိတဲ့ ဒေသန္တရအခြေအနေတွေနဲ့ကိုက်ညီအောင်လုပ်မှာ ပါ။ မြန်မာပြည်လူဦးရေရဲ့ ၇၀% ဟာကျေးလက်ဒေသတွေမှာနေကြတယ်။ ဒီတော့ကျေးလက်ကအမျိုးသမီး တွေကိုလုပ်ငန်းရှင်တွေဖြစ်လာ   အောင်စွမ်းရည်မြှင့်တင်ပေးနိုင်မယ်ဆိုရင်   ကျေးလက်မှာလဲဓနဥစ္စာတိုး ပွါးလာမယ်။ မြို့ပြကိုလူအများအပြားအလျင်အမြန်ပြောင်းရွှေ့အခြေချတာတွေကိုလဲတားဆီးနိုင်မယ်၊ မြို့နဲ့ တောအကြား ဆင်းရဲချမ်းသာ ကွာဟချက်ကိုလဲ ကျဉ်းမြောင်းသွားစေမယ်။ ဒါကတော့ကျွန်တော်တို့ကြေညာခဲ့တဲ့ အစီအစဉ်တွေထဲကနမူနာပုံစံနှစ်ခုပါ။ နောက်ထပ်အများအပြားလဲ ကျန်ပါသေးတယ်။

ဒီအစည်းအဝေးတွေမှာ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကို ပြန်ကောက်ရရင် ကျနော်တို့အစိုးရနဲ့ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ အဓိကစိုးရိမ်ပူပန်မှုကတော့ ဖက်ဒရယ်စနစ်နဲ့ဆက်စပ်နေတဲ့ မတူကွဲပြားမှုကိုပွေ့ဖက် လက်ခံနိုင်ရေးဘဲဖြစ်ပါတယ်။ ဒါဟာမြန်မာနိုင်ငံလို အမျိုးသားပြန်လည်သင့်မြတ်ရေးထိပ်တန်းရောက်နေတဲ့ နိုင်ငံနဲ့လဲလျော်ကန်တယ်လို့ထင်ပါတယ်။ လူတွေထင်ကြတာ ကနေဒါနိုင်ငံဆိုတာ ငြိမ်းချမ်းတဲ့နိုင်ငံ၊ ချမ်းသာတဲ့နိုင်ငံ ဒါပေမဲ့တကယ်တန်းက ကျွန်တော်တို့မှာလဲပြဿနာတွေတပုံကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံ ကဘာသာစကားမျိုးစုံပြောတဲ့နိုင်ငံ၊ တရားဝင်ရုံးသုံးဘာသာစကား အနည်းဆုံး ၂ ခုရှိတဲ့နိုင်ငံ၊ (ဒေသန္တရ အဆင့်မှာဌာနေတိုင်းရင်းသားတွေရဲ့ရုံသုံးဘာသာစကားတွေလဲရှိသေးတယ်) ဒီတော့ ဒီလိုဘာသာစကား နဲ့ လူမျိုးစုမတူသူ အုပ်စုတွေကြားမှာ တင်းမာမှုတွေအတိတ်တုန်းကရှိခဲ့ပါတယ်။ ခုတော့ ဒါတွေကို တွေ့ဆုံဆွေး နွေးတဲ့နည်း၊ အင်စတီကျူးရှင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေနဲ့ ကျော်လွှားနိုင်ခဲ့ပြီလို့ ကျွန်တော်ထင် ပါတယ်။ ဒါကဘယ်တော့မှာမဆုံးနိုင်တဲ့ မရပ်မနားဆက်လက်လုပ်ဆောင်နေရမယ့်ဖြစ်စဉ်ပါ။

ဒီတော့ကနေဒါနိုင်ငံဟာနေရာအတော်များများမှာ မြန်မာနိုင်ငံနဲ့ အတော်လေးဆင်တူတယ် လို့ကျွန်တော်ထင် ပါတယ်။ ဘာသာစကားပေါင်းစုံ၊ ကိုးကွယ်ရာဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ   ရောထွေးနေထိုင်တဲ့နိုင်ငံ ပါ။ ဒီပြဿနာကြီးတွေအကြောင်းဆွေးနွေးပြောဆိုရတာ ကျွန်တော်တို့နိုင်ငံခြားရေးဝန်ကြီးကအတော်စိတ်ဝင် စားပါတယ်။ ဒီကိုလာတာ အောင်မြင်မှုရအောင် ဘာတွေဘာတွေလုပ်ပါဆိုတဲ့ စာရင်းရှည်ကြီးနဲ့ လာတာမဟုတ်ဘူး။ နှစ်ဘက်လုံးမှာလေ့လာစရာတွေအများကြီးရှိတယ်။ ကျွန်တော်တို့ဘက်ကလဲ အကောင်းရောအဆိုးပါ ကျွန်တော်တို့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံကိုဝေမျှပေးဘို့ရှိတယ်လို့ကျနော်ထင်ပါတယ်။

စီးပွါးရေးဖွံ့ဖြိုးမှုကိစ္စတွေနဲ့ပတ်သက်ရင်လဲ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးပြဿနာဟာ အဓိကကိစ္စရပ်ကြီးဖြစ် ပြီး ဒီကိစ္စတွေကို သမ္မတကြီးနဲ့ဆွေးနွေးခဲ့ပါတယ်။ ဒီလိုအဆင့်မြင့်ဆွေးနွေးပွဲတွေမှာ   ဆွေးနွေးမဲ့အကြောင်း အရာနဲ့ပတ်သက်လို့ခင်ဗျားတို့လဲကိုယ့်ဝန်ကြီးကို အသေးစိတ်အတိုချုပ်အစီရင်ခံရှင်းလင်းတင်ပြချင်ကြမှာ ဘဲ။ သမ္မတကြီးနဲ့ဆွေးနွေးရာမှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် ကျေနပ်စရာကောင်း လောက်အောင် သမ္မတကြီးကဒီအကြောင်းအရာတွေကိုစိတ်ပါလက်ပါဆွေးနွေးခဲ့ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ရာသီဥတုဖောက်ပြန်မှုအကြောင်းတွေကို စိတ်ပါလက်ပါ ဆွေးနွေးခဲ့တာပါ။ ဝန်ကြီးချုပ် ထရူးဒိုးရဲ့ အဓိကစိတ်ပူပန်မှုနယ်ပယ်ကလဲ ဒီရာသီဥတုဖောက်ပြန်မှုပါဘဲ။ ဒီတော့ ကနေဒါနိုင်ငံက   မြန်မာနိုင်ငံကိုဒီကိစ္စရပ်တွေမှာဘယ်လိုပူးပေါင်းဆောင်ရွက်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ စတင်စဉ်းစားနေပါပြီ။ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အသက်သာဆုံးဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲ၊ ရာသီဥတုဖောက်ပြန်မှုနဲ့လိုက်လျောညီထွေဖြစ်အောင် ဘာတွေပူးပေါင်းဆောင်ရွက်ပေးမရမလဲဆိုတာ တွေ စဉ်းစားနေပါပြီ။ ဘာလို့လဲဆိုတော့ ဒီကိစ္စဟာမြန်မာပြည်မှာအရေးပါတဲ့ ကိစ္စရပ်ဖြစ်လာတော့မှာမို့ပါ။

မေး။ ကျွန်တော်တို့ကကျယ်ပြန့်တဲ့ နှစ်နိုင်ငံဆက်ဆံရေးအကြောင်းကို လေ့လာနေတယ်။ ခင်ဗျားကနှစ်နိုင်ငံ အ ကြားဦးစားပေးလုပ်မယ့်နယ်ပယ်တွေကို အဓိကထားပြီးပြောနေတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရ သစ်တက်လာသလို ခင်ဗျားတို့ကနေဒါမှာလဲ ဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုးခေါင်းဆောင်တဲ့ အစိုးရသစ်တက် လာတဲ့အချိန်ဖြစ်နေတယ်။ အဓိကဦးစားပေးလုပ်ငန်းတွေက ဘာတွေပါလဲခင်ဗျာ။

ဖြေ။ မြန်မာနိုင်ငံနဲ့ကနေဒါမှာ အစိုးရသစ်တွေတက်လာတဲ့အကြောင်း ခုလိုဖော်ထုတ်ပြောပြတဲ့အတွက် ကျွန်တော် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီလိုဘဲ အသွင်ကူးပြောင်းရေးကာလတခုကို အတူတူဖြတ်သန်း နေရတာဖြစ်ပါတယ်။ အစိုးရသစ်၊ ဝန်ကြီးအဖွဲ့သစ်၊ ခေါင်းဆောင်မှုအသစ်၊ မူဝါဒအသစ်၊ ပြီးတော့မြန်မာ နိုင်ငံမှာဖြစ်နေသလိုဘဲ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ဒီအသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေရပါ တယ်။ ခင်ဗျားကဦးစားပေးလုပ်ငန်းတွေကိုမေးတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့လွန်ခဲ့တဲ့ ၂ နှစ် သို့မဟုတ် ၃ နှစ် ဒါမှမဟုတ် ဒီ့ထက်ဝေးတဲ့ကာတွေအထိပြန်သွားကြည့်ရအောင်ပါ။ ကနေဒါနဲ့မြန်မာနိုင်ငံအကြား ဆက်ဆံ ရေးဟာ ဆယ်စုနှစ် ၂ ခုကျော်ကျော်လောက် အေးစက်စက်ဖြစ်နေခဲ့တာ ခင်ဗျားသိမှာပါ။ ဒီမှာသံရုံးဖွင့်မယ် လို့ကြေညာအပြီး ကျွန်တော်တို့နိုင်ငံရဲ့ ပထမဆုံးသံရုံးဝန်ထမ်း အမြဲတမ်းနေထိုင်ဘို့ရောက်လာတာ ၂၀၁၃ နှစ် ဆန်းကပါ။ နောက်တနှစ်မှာကျွန်တော်ရောက်ပါတယ်။ သံရုံးကို ၂၀၁၄ ခုနှစ်မှာဖွင့်ခဲ့ပါတယ်။ သံရုံးဟာအသစ်စက်စက်ကလေးပါ၊ ဝန်ထမ်းဦးရေကလဲ သိပ်ကိုနည်းပါတယ်။ တစ်ဒါဇင်တောင်မရှိပါဘူး။ ဒီတော့ကျွန်တော်တို့လုပ်နိုင်တဲ့အလုပ်တွေစဉ်းစားတဲ့အခါလဲ နည်းနည်းလေးကို ဘဲသေချာရွေးချယ်လုပ်ကိုင် ရပါတယ်။ ကျွန်တော်တို့အားလုံးကိုမလုပ်နိုင်ပါဘူး။

ပထမ တနှစ် ၂ နှစ်လောက်မှာ ဒီမှာရှိတဲ့အောက်ခြေအဖွဲ့အစည်းတွေကိုကူညီထောက်ပံ့တဲ့အလုပ် စလုပ်ပါ တယ်။ အထူးသဖြင့် ပြည်သူ့အခွင့်အရေး၊ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေပါ။ ဒီဟာတွေ က ရံပုံငွေတွေသုံးစွဲရာမှာအလွန်ထိရောက်တဲ့အဖွဲ့အစည်းတွေပါ။ ငွေနည်းနည်းကလေးကိုဒေသခံအဖွဲ့ အစည်းတခုကိုတိုက်ရိုက်ပေးနိုင်တာဟာ အထိရောက်ဆုံးနည်းလမ်းတခုပါ။ ဒီတော့အခုထိတော့ကျနော်တို့ လုပ်နေတဲ့ဦးစားပေးလုပ်ငန်းတွေက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလမ်းကိုလျှောက်လှမ်းနေတဲ့နေရာမှာ အထောက်အကူဖြစ်မယ့် လူ့အခွင့်အရေးနဲ့ အစိုးရလုပ်ငန်း တွေဘဲဖြစ်ပါတယ်။

စီးပွားရေးဆက်ဆံမှုကတော့ ပထမတကယ့်ကို နည်းနည်းလေးဘဲရှိရာကနေ အလွန်မြန်တဲ့နှုံးနဲ့တိုးတက်လာ ပါတယ်။ ဒါကတော့ နောက်နှစ်တွေအတွင်းဖွံ့ဖြိုးတိုးတက်လာမှာကို ကျွန်တော်မြင်ချင်တဲ့ အရာတွေဖြစ်ပါတယ်။ ဒီအကြောင်းကို အခုဆွေးနွေးပွဲနောက်ပိုင်းမှာပြောကြတာပေါ့။

နောက်ထပ် အဓိကလုပ်ငန်းတခုကတော့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေပါ။ ဒါကတော့ ဝန်ထမ်းအများအပြားလိုတာမို့ အခုလောလောဆယ်တော့ အစပျိုးပြင်ဆင်စိုင်းပြင်းတာဘဲ လုပ်နိုင်ပါသေးတယ်။ ကျွန်တော်တို့သံရုံးကိုလဲ အပြည့်အဝတိုးချဲ့ထားပြီဖြစ်လို့ အရင်လို လမ်းဒေါင့်ကကုန်စုံဆိုင်အသေးစား လေးလိုမျိုးမဟုတ်တော့ပါဘူး။ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးဌာနခွဲတွေနဲ့ အပြည့်အဝလည်ပတ်နေတဲ့ သံရုံးဖြစ်နေပါပြီ။ ဒီတော့မြန်မာနိုင်ငံနဲ့ပိုမိုကျယ်ပြန့်တဲ့ ဆက်ဆံရေးရှိလာတော့မှာပါ။

မေး။ ကုန်သွယ်ရေးမှာ ကျွန်တော်နားလည်ထားသလောက် ၂၀၁၀ ခုနှစ်မတိုင်ခင်ကမရှိသလောက်ဘဲနော်။ ဒီတော့နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတိုးတက်လာမှုနဲ့ ကုန်သွယ်ရေးကိန်းဂဏန်းတွေကိုပြောပြပေးပါလား။

ဖြေ။ ဟုတ်ကဲ့။ ၂၀၁၀ ကနေအခုအထိ ၅ နှစ်အတွင်း တိုးတက်လာတဲ့ရာခိုင်နှုန်း ကိုပြောရရင်တကယ့်ကို အံ့မခန်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကုန်သွယ်ရေးဖွံ့ဖြိုးမှုပမာဏ က ရာခိုင်နှုန်း၅၀၀၀ လောက်ရှိပါတယ်။ ဒါပေမယ့်ဝန်ခံရရင် ကနဦးကမရှိသလောက် အနေအထားက နေတိုးတက်လာတာဖြစ်လို့ ဒီလိုကိန်းဂဏန်းမျိုးရရှိလာ တာပါ။ အခုလက်ရှိနှစ်နိုင်ငံ အကျိုးတူကုန်သွယ်ရေး ပမာဏက တနှစ်ကိုဒေါ်လာသန်း ၅၀ ရှိပါတယ်။ နောက် ထပ်တိုးတက်လာဘို့ အလွန်ကြီးမားတဲ့ အခွင့်အလမ်းကောင်းတွေရှိသေးတယ်လို့ ကျနော်ထင်ပါတယ်။ အလားတူဘဲ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း ကြီးမားတဲ့ အခွင့်အလမ်းတွေရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ကနေဒါရဲ့ ကျွမ်းကျင်မှုကမြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့အံကျဖြစ်နေလို့ပါ။ လူတွေက ကနေဒါကို သယံဇာတ ကြွယ်ဝတဲ့နိုင်ငံလို့သိထားကြတယ်။ မှန်ပါတယ် သယံဇာတကြွယ်ဝတဲ့နိုင်ငံပါ ဒါပေမဲ့ကျနော်တို့က ဒီသယံဇာတတွေကိုနိုင်ငံအတွက် အကျိုးအရှိဆုံးဖြစ်အောင်ထုတ် ယူသုံးစွဲကြတယ် ဘေးထွက်ဆိုးကျိုးအနည်းဆုံး ဖြစ်အောင်လုပ်ဆောင်နိုင်ကြတယ်။ ဒေသခံလူထုအသိုင်းအဝိုင်း အတွက်အကျိုးရှိအောင်၊ ပတ်ဝန်းကျင်ထိ ခိုက်မှုအနည်းဆုံးဖြစ်အောင်၊ လူမှုရေးထိခိုက်မှု အနည်းဆုံးဖြစ်အောင်လုပ်ဆောင်ကြပါတယ်။ ဒီတော့ဒီနိုင်ငံ မှာ သယံဇာတကုန်သွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုအတွက် ကျနော်တို့လုပ်နိုင်စွမ်းအများကြီးရှိပါတယ်။

ဒီတော့ခင်ဗျားကမေးမယ်။ ဒါဆိုရင်ကနေဒါ သဘာဝသယံဇာတကုမ္ပဏီတွေ အားလုံးဘယ်ရောက်နေလဲလို့။ ကမ္ဘာပေါ်ကသတ္တုတွင်းကုမ္ပဏီထက်ဝက်လောက်က တိုရန်တိုစတော့အိပ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီတွေဖြစ် ကြပါတယ်။ အသေးစားသတ္တုရှာဖွေရေးလုပ်ငန်းမှာ ကနေဒါဟာကမ္ဘာ့ထိပ်တန်းနိုင်ငံပါ။ ဒါပေမဲ့ဒီကုမ္ပဏီ တွေ ခင်ဗျားမျှော်လင့်ထားသလိုဒီကိုရောက်မလာကြသေးဘူး။ မရောက်လာရတဲ့အကြောင်းက ဒီမှာသတ္တု တွေ့နိုင်ခြေနည်းလို့မဟုတ်ပါဘူး။ သတ္တုတွင်းတူးလုပ်ငန်းကိုထိန်းချုပ်ကွပ်ကဲရေးအပိုင်းနဲ့ပိုဆိုင်ပါတယ်။ သတ္တုတွင်းတူးလုပ်ငန်းဆိုင်ရာဥပဒေတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေတွေ၊ ပိုမိုကျယ်ပြန့်တဲ့တရားဥပဒေစိုး မိုးမှုအပိုင်းတွေက အဓိကကျပါတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတခုအနေနဲ့ သူ့ပိုင်ဆိုင်မှုပစ္စည်းတွေသိမ်း ယူခံရနိုင်တယ်၊ တရားစွဲခံရနိုင်တယ်၊ တရားစွဲခံရရင်လဲ တရားရုံးမှာမျှတတဲ့တရားစီရင်မှုကိုမရနိုင်ဘူး၊ မနိုင် နိုင်ဘူး လို့ထင်မြင်ယူဆလာရင်ဘာလို့မြန်မာနိုင်ငံလာနေဦးမှာလဲ။ ကမ္ဘာပေါ်မှာတူးစရာနေရာတွေအများ ကြီး ရင်းနှီးမြှုပ်နှံစရာနေရာတွေအများကြီး။ ဒီတော့ဒါတွေကဒီမှာတကယ့်ကိုပြောင်းလဲရမယ့်အရာတွေပါ။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်းလျော့ပါးသက်သာလာတာကတော့ နိုင်ငံရေးအရစွန့်စားရမှုအန္တရာယ်ပါဘဲ။ အရင်က လောက်တော့စိုးရိမ်စရာမရှိတော့ဘူး။ ဒါပေမဲ့ ထိန်းချုပ်ကွပ်ကဲရေးအပိုင်းနဲ့ ဥပဒေရေးရာအပိုင်းတွေက တော့ရှိနေတုံးဘဲ။

နောက်ကိစ္စရပ်တခုဆက်ပြောရမယ်ဆိုရင် ဘဏ္ဍာရေးဝန်ဆောင်မှုအပိုင်းပါ။ ကျွန်တော် ကြော်ငြာထိုးတာမ ဟုတ်ပါဘူး။ ဥပမာအနေနဲ့ပြောရရင် ManuLife လိုကုမ္ပဏီမျိုးကိုသုံးကြည့်စမ်းပါ။ ဒီကုမ္ပဏီက မြန်မာနိုင်ငံ မှာကိုယ်စားလှယ်ရုံးရှိတဲ့ ကနေဒါကုမ္ပဏီပါ။ ဒါပေမဲ့အခုအထိအာမခံပေါ်လစီတခုမှမရောင်းရသေးဘူး။ ဘာ လို့လဲဆိုတော့ ဒီကဏ္ဍကိုဖွင့်မပေးသေးလို့။   နိုင်ငံခြားကုမ္ပဏီတွေဝင်လာရင် ပြည်တွင်းကုမ္ပဏီတွေထိခိုက် နိုင်တယ်စိုးရိမ်မှုရှိနေလို့ဖွင့်မပေးသေးတာ။ ဒါပေမဲ့ကျွန်တော်ထင်တာကဒီလိုလုပ်မှ ယှဉ်ပြိုင်မှုပိုကောင်းလာ မယ်၊ မြန်မာလုပ်ငန်းတွေ တိုးတက်လာမယ်လို့ထင်ပါတယ်။ ဒီလိုလုပ်မှသာ ပြည်သူတွေရဲ့လူနေမှုအဆင့် အတန်းမြင့်လာမယ်၊ ထုတ်လုပ်မှုတိုးတက်လာမယ်လို့မြင်ပါတယ်။ ဒီကဏ္ဍတွေဖွင့်ပေးဘို့၊ ဥပဒေတွေပြဌာန်း ပေးဘို့ဆိုတာအချိန်ယူရပါတယ်။ ခက်ခဲတဲ့လုပ်ငန်းလဲဖြစ်ပါတယ်။ `ကျွန်တော်တို့အခုဘဲ လွတ်လပ်တဲ့ တံခါး ဖွင့်စီးပွားရေးလိုချင်တယ်´ သွားပြောလို့မဖြစ်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly