ညှပ်ရိုးကျိုးသည့်ဒဏ်ရာကြောင့် ရွှေဖလားပြိုင်ပွဲကို ဟာနန်ဒက်ဇ် လွဲချော်မည်

ညှပ်ရိုးကျိုးသည့်ဒဏ်ရာကြောင့် ရွှေဖလားပြိုင်ပွဲကို ဟာနန်ဒက်ဇ် လွဲချော်မည်

ဇူလိုင် ၃၊ ဟောက်စတန် ။       ။ ညှပ်ရိုးကျိုးသွားခြင်းကို ခွဲစိတ်ကုသမှုခံယူရမည့် မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် လေး ပတ်ခန့်အနားယူ ရမည်ဖြစ်ရာ ရွှေဖလားပြိုင်ပွဲ ကို လွဲချော်ရတော့မည်ဖြစ်သည်။

ဟာနန်ဒက်ဇ်သည် လာမည့်အင်္ဂါနေ့တွင် အမေရိကန်နိုင်ငံ၌လက်ခံကျင်းပမည့် ရွှေဖလားပြိုင်ပွဲအကြို ခြေစမ်းပွဲအဖြစ် ဗုဒ္ဓဟူးနေ့ ကဟွန်ဒူးရပ်စ်နှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်းတွင်အငှားကစားခဲ့သည့် အသက် ၂၇ နှစ်အရွယ်ရှိ မန်ယူတိုက်စစ်မှူးသည် ဟွန်ဒူးရပ်စ်နှင့်ပွဲ၌ ပွဲချိန်မိနစ် ၄၀ ခန့်တွင် ပြိုင်ဘက်နောက်ခံလူ ဘရိုင်ယန်နှင့်ထိခိုက်မိပြီးလဲကျခဲ့ရာမှ ဒဏ်ရာရသွားခဲ့ပြီး ချက်ချင်းလူစားလဲခဲ့ရသည်။

"ဒီမနက်မှာ ဟာနန်ဒက်ဇ်ရဲ့ခွဲစိတ်မှု အောင်မြင်ပါတယ်။ ညာဘက်ညှပ်ရိုးမှာ သတ္တုချောင်းနှစ်ချောင်းထည့်ခဲ့ရပါတယ်"ဟု မက္ကဆီကိုအသင်း ဆရာဝန် ဂါရာဒိုအဂူရာက ပြောသည်။

ဟာနန်ဒက်ဇ်ဒဏ်ရာရသွားသောကြောင့် မက္ကဆီကိုနည်းပြ မီဂွယ်ဟာရာရာသည် မက္ကဆီကိုပြည်တွင်းလိဂ်ချန်ပီယံ ဆန်းတို့စ် လာဂူနာအသင်း မှ တိုက်စစ်မှူး ဂျာဗီးယားအို့ရော့ဇ်ကိုအား အစားထိုးခေါ်ယူခဲ့ရသည်။

လက်ရွေးစင်အသင်းအတွက် ၇၃ ပွဲကစား၊ ဂိုး ၄၀ သွင်းပေးထားသော ဟာနန်ဒက်ဇ်မပါနိုင်တော့ခြင်းမှာ ခုနှစ်ကြိမ်မြောက် ရွှေ ဖလားရယူရန် ကြိုးပမ်းမည့် မက္ကဆီကိုအသင်းအတွက် ကြီးမားသည့်ဆုံးရှုံးမှုလည်း ဖြစ်သည်။

ကွန်ကာကပ်ဖ်ဒေသမှအသင်းများ ပါဝင်ယှဉ်ပြိုင်မည့် ရွှေဖလားပြိုင်ပွဲသည် ဇူလိုင် ၇ ရက်မှ ၂၆ ရက်အထိ ကနေဒါနှင့် အမေရိကန်တွင် ကျင်းပမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly