အာရှဆန်စပါးအထွက်လျော့ကျသဖြင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

အာရှဆန်စပါးအထွက်လျော့ကျသဖြင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

စင်္ကာပူ၊ မေ၊ ၂ ။            ။ အယ်လ်နီညိုကြောင့် အာရှတွင်မိုးခေါင်ရေရှားပြီး ဆန်စပါးအထွက်နှုန်းလျော့နေသဖြင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မှုများ ပြန်လည်မြင့်တက်လာလျှက်ရှိသည်။

အာရှ၏ထိပ်တန်းဆန်တင်ပို့သည့်နိုင်ငံများတွင် အပူလှိုင်းဒဏ်ကြောင့် ဆန်စပါးအထွက်နှုန်းလျော့ကျလျှက်ရှိရာ ကမ္ဘာ့ဆန်ထုတ်လုပ်မှုပမာဏစုစုပေါင်းမှာ ယခုနှစ်တွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လျော့ကျ ဖွယ်ရှိနေသည်။

အာရှ၏ နံပါတ်တစ် ဆန်တင်ပို့သူဖြစ်သော အိန္ဒိယနိုင်ငံတွင် အပူလှိုင်းတစ်ခုဖြတ်သန်းလျှက်ရှိပြီး ဆန်တင်ပို့မှုတွင် ဒုတိယလိုက်သည့် ထိုင်းနိုင်ငံမှာလည်း နှစ်နှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်နေရသည်။

ထို့အတူတတိယမြောက်ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံတွင်လည်း မဲခေါင်မြစ်ရေခမ်းခြောက်မှု ကြောင့် ဆည်ရေပေးဝေရေးအတွက်အခက်တွေ့လျှက်ရှိသည်။ အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ တင်ပို့သောဆန်ပမာဏစုစုပေါင်းမှာ ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းအထိ ရှိနေသည်။

လက်ရှိအချိန်တွင် အိန္ဒိယ နှင့် ထိုင်းတို့၌ သိုလှောင်ထားသည့် ဆန်ပမာဏမှာများပြားနေသေးသဖြင့် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ သိသိသာသာမြင့်တက်လာခြင်းမရှိသေးသော်လည်း ထိုအခြေအနေမှာ ရေရှည်ခံမည်မဟုတ်ဟု အပြည်ပြည်ဆိုင်ရာ နှံစားသီးနှံကောင်စီ မှ စီးပွားရေးပညာရှင် ဂျိမ်းစ်ဖဲလ်က ပြောကြားသည်။

အာရှထိပ်တန်းဆန်တင်ပို့သည့် နိုင်ငံ ၃ နိုင်ငံ၏ ဆန်သိုလှောင်မှုပမာဏမှာ ၂၀၁၆ နှစ်ကုန်တွင် တန် ၁၉ သန်းသို့ လျော့ကျသွားနိုင်ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဆန်သိုလှောင်မှုပမာဏလျော့ကျမှုဖြစ်လာဖွယ်ရှိနေသည်။

၂၀၀၈ ခုနှစ်က အယ်လ်နီညိုကြောင့် အာရှဆန်အထွက်နှုန်းလျော့ကျပြီး အိန္ဒိယက ပြည်ပသို့ဆန်တင်ပို့မှုကို ပိတ်ပင်ခဲ့စဉ် က ကမ္ဘာ့ဆန်ဈေးနှုန်းတစ်ရှိန်ထိုးမြင့်တက်ကာ ဟေတီတွင် အစာရေဆာပြတ်လပ်မှုများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်းတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာအကျပ်အတည်းများ အကြိမ်ရေမနည်းကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly