ဒူးဒဏ်ရာရနေသော ကျော်မင်းဦး ရာသီကုန်အထိ နားရမည်

ဒူးဒဏ်ရာရနေသော ကျော်မင်းဦး ရာသီကုန်အထိ နားရမည်
ဒဏ်ရာရနေသော မြန်မာ့လက်ရွေးစင်ကစားသမား ကျော်မင်းဦး(နံပါတ်-၁၉)။ ဓာတ်ပုံ- MFF

မေ ၁၊ ရန်ကုန်။           ။ ဒူးဒဏ်ရာကြောင့်အနားယူနေရသော ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင်ကွင်းယ်ကစားသမား ကျော်မင်းဦးမှာ ရာသီကုန်အထိအနားယူရမည်ဖြစ်သည်။

ကျော်မင်းဦးမှာ ယခုနှစ်ဘောလုံးရာသီအစတွင် ရန်ကုန်အသင်းအတွက် ၂ပွဲသာ ပွဲထွက်ကစားနိုင်ပြီးနောက် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သည်။

ကျော်မင်းဦး၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က“ ကျော်မင်းဦးဒဏ်ရာက ခွဲစိတ်ကုသဖို့လိုပါတယ်။ ခွဲဖြစ်မယ်ဆိုရင်တောင် အနည်းဆုံး သုံးလကနေခြောက်လအထိနားရမှာပါ။ ဆူဇူကီးပြိုင်ပွဲမှာဝင်ပြိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် သူစိတ်ဓာတ်မကျအောင်လို့ လက်ရွေးစင်အသင်းမှာပူးတွဲလေ့ကျင့်ပေးနေတာပါ။ ကုသမှုအတွက်တော့ ဘောလုံးအဖွဲ့ချုပ်က တာဝန်ယူကုသပေးမှာပါ ”ဟု ဂတ်ဇီဆီကပြောသည်။  

ကျော်မင်းဦးမှာ မြန်မာယူ-၂၀အသင်းနှင့်အတူ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာဆီယံလူငယ်အကောင်းဆုံးသမားဆုအတွက် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။   ကျော်မင်းဦးမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် နောက်ဆုံးပွဲအဖြစ် ကိုရီးယားအသင်းနှင့်ပွဲတွင် ပါဝင်ကစားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly